
ခရစ္စမတ်နေ့ မတိုင်ခင် ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး ကက်သလစ်ခရစ်ယာန် သင်းထောက်ဆရာ ဦးတီတီနောင်လတ် (ခေါ်) ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦးဟာ ဒီကနေ့အထိ အဆက်သွယ်မရသေးဘဲ ပျောက်ဆုံးနေ ဆဲဖြစ်ပါတယ်။
အဆိုပါ သင်းထောက်ဆရာ နှစ်ဦးဟာ ဒီဇင်ဘာ ၂၄ ရက်ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး အခု ၁၀ ရက်ကျော်ကြာလာတဲ့အထိ ဘယ်အဖွဲ့အစည်းက ဘယ်သူဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မေးမြန်းမရသေးဘူးလို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။
“အဲဒီကိစ္စကျနော်တို့လည်း မေးတယ်။ ကျနော်တို့လည်း မသိရဘူးဖြစ်နေတယ်။ မသိရဘူးဖြစ်နေတော့ သူ့ကိုခေါ်မေးတာ အကြောင်းရှိလို့ ဖြစ်ပါလိမ့်မယ်ဗျာ။ ဘယ်အဖွဲ့က ခေါ်သွားလဲဆိုတော ကွဲကွဲပြားပြား မသိသေးလို့ဗျာ။ ကျနော်တို့ကလည်း မေးတယ်။ အစမရဘူးဖြစ်နေတယ်။ ၂၄ ရက်နေ့က ပျောက်တယ်လို့ပြောတယ်။ ဘယ်သူဘယ်ဝါခေါ်သွားသလဲ၊ ဘာကြောင့် ခေါ်သွားသလဲ။ ဘယ်နေရာခေါ် သွားသလဲဆိုတာ ကျနော်တို့လည်း စုံစမ်းမေးမြန်းပါဦးလို့ပဲ ကျနော်တို့က အဲလိုပြောထားတယ်ခင်ဗျာ။ နောက်ဆက်တွဲမသိရသေးလို့ပါ။”
မုံးကိုးမြို့ မိုးဆောက်နယ် သိက္ခာတော်ရဆရာတော် ဦးဇောင်ရာကလည်း သင်းထောက်ဆရာ ၂ ဦးပျောက်ဆုံးတဲ့ကိစ္စကို ခုအချိန်ထိ စုံစမ်းမေးမြန်းလို့မရတဲ့အတွက် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
“တခုခုသိရင်တော့ ကျနော်တို့ဒီလောက်စိတ်မပူဘူးပေါ့။ ဒါပေမယ့် အခုက ဘာသတင်းမှ မရတော့ ကျနော်တို့လည်း စိတ်ပူနေတယ်။ အခု ကျနော်တို့လည်း ကြိုးစားပြီးတော့ မုံးကိုးမှာကျတဲ့ ဗျူဟာမှူးတို့၊ တပ်ရင်းမှူးတို့နဲ့လည်းတွေ့စရာရှိသေးတယ်။ နောက် ပြန်လာနေတဲ့ ရပ်ကွက်ပတ်ဝန်းကျင်က လူတွေနဲ့လည်းတွေ့ဖို့ ရှိသေးတယ်။”
သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ခရစ် စမတ်နေ့ မတိုင်ခင်တရက်မှာ နယ်မြေခံမြန်မာ့တပ်မတော်ရဲ့ ဗျူဟာကုန်းအနီးမှာ ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ သင်းထောက်ဆရာတွေဟာ မုံးကိုးတိုက်ပွဲကာလတွေမှာ အဲဒီဒေသကို သွားရောက်သတင်းယူခဲ့ ဒီဗွီဘီသတင်းထောက်အပါအ၀င် တခြားသတင်းဌာနက သတင်းသမားတွေကို ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေလည်းဖြစ်ပါတယ်။
မုံးကိုးတိုက်ပွဲကာလအတွင်း သတင်းသွားယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးက ခရစ်ယာန် ဆရာ ၂ ဦးဟာ သတင်းသမားတွေကို ကူညီခဲ့တာ မှန်ပေမယ့် သူတို့ရဲ့ နောက်ခံ အကြောင်းတွေကို မသိရတဲ့အတွက် သတင်းကြောင့် အဖမ်းခံရတာလား၊ တခြားကြောင့် ဖမ်းခံရတာလားဆိုတာ မပြောနိုင်ဘူးလို့ ပြောပါတယ်။
“ သူတို့နဲ့ ကျနော်နဲ့တွေ့တာက ခဏပဲ နေ့တပိုင်းပဲ ရှိတယ်ဆိုတော့လေ။ သူတို့ ၂ယောက်ရဲ့ နောက်ကြောင်းရာဇ၀င်ကို ကျနော်မသိတော့ တိတိကျကျ မပြောနိုင်ဘူးဗျာ။ ကျနော်တို့ကို ကူညီလို့လည်း ဖြစ်နိုင်တယ်။ တခြားအကြောင်းတရားတွေလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ တွေ့တဲ့အချိန်က ခဏလေးပဲ”
ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး မူဆယ်နဲ့မုံးကိုးအပါအ၀င် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း တိုင်းရင်း သားမဟာမိတ်တပ် အဖွဲ့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ပွဲကြောင့်သောင်းနဲ့ချီတဲ့ဒေသခံတွေ တရုတ်ပြည်ဘက်ကို တိမ်းရှောင်နေခဲ့ရသလို တိုက်ပွဲကာလအတွင်းလူနေအိမ်၊ စာသင်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေပျက်စီးခဲ့ရပါတယ်။











