DVB Logo
Home
မြန်မာသတင်း
လူမျိုးသုဉ်းသတ်ဖြတ်မှုမတွေ့ရှိရဘဲ လူဦးရေတိုးပွားနေဟု စုံစမ်းရေးကော်မရှင်အစီရင်ခံ
DVB
·
January 4, 2017
လူမျိုးသုဉ်းသတ်ဖြတ်မှုမတွေ့ရှိရဘဲ လူဦးရေတိုးပွားနေဟု စုံစမ်းရေးကော်မရှင်အစီရင်ခံ
Donate to DVB

ရခိုင်ပြည်နယ်မှာ လူမျိုးသုဉ်းအောင် သတ်ဖြတ်မှုတွေမတွေ့ရှိခဲ့သလို အမျိုးသမီးတွေကို အဓမ္မပြုကျင့်၊ ရွာတွေကိုမီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သက်သေ အထောက်အထားမတွေ့ရှိဘူးလို့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

မောင်တောမှာ  ဘင်္ဂါလီတွေကို လူမျိုးဖြုတ်သတ်ဖြတ်၊ အမျိုးသမီးတွေကိုအဓမ္မပြုကျင့်၊ ရွာတွေကိုမီးရှို့သတ်နေတယ်လို့   နိုင်ငံတကာမီဒီယာတွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက စွပ်စွဲပြောဆိုရေးသား ထုတ်လွှင့်နေတာနဲ့ ပတ်သက်ပြီး ကွင်းဆင်းလေ့လာတွေ့ရှိချက်တွေကို   ကော်မရှင်က ကြားဖြတ်အစီရင်ခံစာ မနေ့ကထုတ်ပြန်လိုက်တာပါ။

“လူမျိုးသုဉ်းအောင် သတ်ဖြတ်မှုများ မတွေ့ရှိရသကဲ့သို့ ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှုများ မရှိသည်ကို မောင်တောဒေသရှိ ဘင်္ဂါလီ လူဦးရေ၊ ဗလီ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် မော်လဝီ ဦးရေ တိုးပွားများပြားနေခြင်း တို့က သက်သေပြနေတယ်”လို့ ကြားဖြတ် အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒ့ါအပြင် ဘင်္ဂါလီကျေးရွာတွေမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တဲ့သတင်းဖြစ်ပေါ်နေတာနဲ့ စပ်လျဉ်းပြီး ကော်မရှင်က ဒေသခံအမျိုးသမီးတွေကို တွေ့ဆုံ ဆွေးနွေး မေးမြန်းခဲ့ရာမှာ ယခုအချိန်ထိ အရေးယူမှုတွေ ဆက်လက် ဆောင်ရွက်နိုင်လောက်တဲ့ အထောက်အထား သက်သေခံချက်တွေ မရရှိသေးကြောင်းနဲ့ နေအိမ်မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ သက်သေ အထောက်အထား ရရှိဖို့ ဆက်စုံစမ်းနေတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

အောက်တိုဘာ ၉ ရက်မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံပေါ် ပြည်ပက စွပ်စွဲဝေဖန် ဖိအားပေးမှုတွေ တိုးလာနေချိန်မှာ ဒုသမ္မတ ဦးမြင့်ဆွေခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ ၁ရက်နေ့က  နိုင်ငံတော်သမ္မတက ဖွဲ့စည်း တာဝန်ပေးခဲ့တာပါ။

မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ အကာလ် မူလ် မူဂျာဟီဒင်န်အဖွဲ့ရဲ့လက်ချက်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ဟာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် ဟာဗစ်တူဟာရ် ခေါ် အာပူဟာမတ် ဇူးလူနီ ဖြစ်တယ်လို့ ကော်မရှင်ကဆိုပါတယ်။

အသက် ၄၅ နှစ်ခန့်ရှိတဲ့ ဟာဗစ်တူဟာရ်ဟာ ပါကစ္စတန်နိုင်ငံရှိ တာလီဘန်တွေထံမှာ ခြောက်လသင်တန်း တက်ရောက်ခဲ့သူဖြစ်ပြီး  လူမှုကွန်ရက်တွေက တဆင့် မောင်တောဒေသမှာ စစ်ပွဲတွေ ဆက်လက်ဆင်နွှဲဖို့ ဝါဒဖြန့် ဗွီဒီယိုဖိုင်တွေ တင်ခဲ့တယ်လို့ဆိုပါတယ်။

ဟာဗစ်တူဟာရ်နဲ့ ပူးပေါင်းလုပ်ဆောင်နေသူ ၁၂ ဦးက  လွန်ခဲ့တဲ့ ငါးလလောက်က စပြီး ဟာဗစ်တူဟာရ်ရဲ့ အစီအစဉ်နဲ့ မောင်တောဒေသကို ဝင်ရောက်လာကာ စည်းရုံးထားတဲ့ ဒေသနေ အစွန်းရောက်လူငယ်တွေကို  အကြမ်းဖက်သင်တန်း ပေးခဲ့တယ်လို့ အစီရင်ခံစာမှာရေးပါတယ်။

အကြမ်းဖက်ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးထားသူတွေထဲက တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှုနဲ့ အရေးယူထားပြီး  ၂၈ မှုကို တရားစွဲဆိုထားကာ အမှု ၃ မှု ပြီးစီးသွားတဲ့အကြောင်းနဲ့ အပြစ်မရှိသူ ၁၀ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မောင်တောဒေသမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေရှိနေတယ်ဆိုပြီး ပြည်ပမီဒီယာတွေမှာ သတင်းတွေ ဆက်တိုက် ဖော်ပြနေတာဖြစ်ပြီး နိုဘယ်လ်ဆုရှင် တချို့ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013