DVB Logo
Home
မြန်မာသတင်း
ရိုက်နှက်မေးမြန်းစဉ်လူသေမှုဖြင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို စစ်ဆေးနေ
DVB
·
January 3, 2017
ရိုက်နှက်မေးမြန်းစဉ်လူသေမှုဖြင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို စစ်ဆေးနေ
Donate to DVB

 

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ဘောကထာနယ်မြေရဲစခန်းမှာ မသင်္ကာဖွယ်အမျိုးသား ၁ ဦးကို ရဲစခန်း တာဝန်ရှိသူတွေက ရိုက်နှက်စစ်ဆေးပြီးနောက် သေဆုံးသွားခဲ့မှုနဲ့ပတ်သက်ပြီး  ဘောကထာ နယ်မြေရဲစခန်းမှူး အပါအ၀င်ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ဒီဇင်ဘာ ၂၉ ရက်က ဖမ်းဆီးစစ်ဆေးနေတယ်လို့  ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက် ၈ နာရီလောက်မှာ ဘောကထာ နယ်မြေရဲစခန်းအပိုင် မဘီးကြီးကျေးရွာအုပ်စုမှာ  မသင်္ကာဖွယ်သွားလာနေတဲ့ အမည်မသိအမျိုးသား ၁ ဦးကို တွေ့ရှိပြီး မဘီးကြီးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ဘောကထာနယ်မြေရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ရဲဒုတပ်ကြပ် စိုင်းအောင်သိုက်၊ရဲတပ်သား ချမ်းပြည့်၊ရဲတပ်သား ကျော်သူအောင်တို့က အမည်မသိ အမျိုးသားကို သွားရောက်ခေါ်ယူခဲ့ပြီးနောက် ရဲစခန်းမှာ ၀ိုင်းဝန်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့  ရဲမှတ်တမ်းအရ သိရပါတယ်။

နောက်တနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ ရွှေကျင်မြို့နယ် ဘောကထာကျေးရွာ လမ်းဘေးရေမြောင်းထဲမှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ အရွယ်ခန့် အမျိုးသားအလောင်း ၁ လောင်းကို တွေ့ရှိခဲ့လို့ ဘောကထာနယ်မြေရဲစခန်းက သေမှုသေခင်းနဲ့ ကနဦးအမှုဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါပုဂ္ဂိုလ်သေဆုံးသွားခဲ့မှုနဲ့ပတ်သက်ပြီး ဘောကထာနယ်မြေ ရဲစခန်းမှူး ရဲအုပ်လင်း ထက်မောင်အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို ရွှေကျင်မြို့မှာ စစ်ဆေးနေတာဖြစ်ပြီး သေဆုံးသူဟာ ဘယ်သူဆိုတာနဲ့ ဘာကြောင့်သေဆုံးသွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အမှုကိုသွားရောက်စစ်ဆေးနေတဲ့ ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးကိုကိုကြီးက “ကျနော်တို့ကခုမှ ဒီဖြစ်စဉ်ကို စစ်ဆေးနေတုန်းပါ အခုထိတော့ တိတိကျကျ ပြောလို့မရသေးဘူး။ ဒီနေ့လည်း ရွှေကျင်မြို့ကိုသွားပြီးထပ်စစ်ဆေးရဦးမှာ။ စစ်ဆေးနေဆဲပဲရှိနေသေးလို့ အတိအကျဖြေလို့ တော့ မရသေးဘူး။”လို့ပြောပါတယ်။

တရားရုံးမှာ စွဲချက်တင်တဲ့အခါမှ အတိအကျဖြေလို့ရမှာ ဖြစ်ကြောင်းနဲ့  သူတို့ အနေနဲ့ စစ်ဆေးတွေ့ ရှိချက်တွေကို အထက်အဆင့်ဆင့်ကို လျှိ့ဝှက်အနေနဲ့ တင်ပြရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မဘီးကြီးကျေးရွာသား ကိုလှမိုးက “ဒီဇင်ဘာ၂၄ ရက်နေ့မှာ ကျွန်တော်တို့ကျေးရွာကနေ မသင်္ကာလူတစ်ယောက်ကိုတွေ့ရှိလို့ စစ်ဆေးပြီးတော့ ရဲစခန်းကို အကြောင်းကြားလိုက်တယ်။ အုပ်ချုပ်ရေးမှူးနဲ့ ကျနော်နဲ့ ရဲစခန်းကိုသွားပို့လိုက်တယ်။ အဲဒီမှာ သူတို့ စစ်တယ်၊ ကျနော်တို့လည်း ရှိတယ်။ ငုတ်တုတ်သူ့ဆီက ခိုင်လုံတဲ့ အတိအကျ မရလာတာနဲ့ ၁ နာရီဝန်းကျင်မှာ ပြန်လွတ်တယ်။ ဒီသေတဲ့ကောင်နဲ့ ဆက်စပ်မှု ရှိမရှိဘူး ဆိုတာကတော့ ပုံသဏ္ဍာန်ကတော့ ခွဲလို့မရဘူး။ ဒါပေမယ့်က ကျနော်တို့ဆီမှာ အရှင်း၊ သူဖမ်းစဉ်တဲ့အချိန်တုန်းက သူ့ရဲ့ပုံ ရှိထားတယ်။ သေတဲ့လူရဲ့ အလောင်းပုံလည်း ရှိထားတယ်။ ကျနော်တို့ပြောနိုင်တာကတော့ ဒီလောက်ပါပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအမှုကို ရွှေကျင်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းက တရားလိုလုပ်ကာ၊ ကနဦး လက်ခံစစ်ဆေးနေပြီး သေမှုသေခင်း အမှတ် စဉ်(၃/၂၀၁၆) ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄/၂၀၁ နဲ့ ပြောင်းလဲအမှုဖွင့်ကာ ဘောကထာနယ်မြေရဲစခန်းမှူး ရဲအုပ်လင်းထက်မောင်ပါ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတို့ကို ဖမ်းဆီးကာချုပ်မိန့် ရမန်ယူပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက် (ညောင်လေးပင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013