DVB Logo
Home
Lead Story
နိုင်ငံတနိုင်ငံရဲ့လိပ်ပြာ
DVB
·
January 3, 2017
နိုင်ငံတနိုင်ငံရဲ့လိပ်ပြာ
Donate to DVB

 

ခရစ်တော်မပေါ်ခင် ဘီစီ ၂၆၈~၂၃၂  ခုနှစ်အတွင်းမှာ ပေါ်ထွန်းထင်ရှားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ မဟာဧကရာဇ်ဘုရင်တပါး ဖြစ်တဲ့ မာဂဓတိုင်းရဲ့ပြည့်ရှင် သီရိဓမ္မာသောကမင်း (ဝါ) အသောကဘုရင်ဟာ ဗုဒ္ဓဘာသာ သာသနာပြုမင်းမဖြစ်ခင်မှာ အလွန်ရက်စက်ကြမ်းကြုတ် သွေးဆာနေတဲ့ စစ်ဘုရင်တပါး ဖြစ်ခဲ့ဖူးပါတယ်။

အိန္ဒိယသမိုင်းမှာ ပထမဆုံးအင်ပါယာကို တည်ထောင်ခဲ့တဲ့ မောရိယမင်းဆက် စန္ဒရဂုတ္တမင်းကြီးရဲ့ မြေးတော်ဖြစ်တဲ့ အသောကဟာ ငယ်ရွယ်စဉ်အချိန်က အဝန္တိတိုင်းက၊ ဥဇ္ဇေနီပြည်မှာ မြို့စားအဖြစ် စိုးစံစားခဲ့ပါတယ်။ ခမည်းတော် ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တဲ့အခါ အသောကမင်းသားဟာ ဥဇ္ဇေနီကနေ ပါဋလိပုတ်ကို သွားရောက်ပြီး ထီးနန်းကို သိမ်းပိုက်ရာမှာ ညီတော်၊ နောင်တော် မင်းသားတွေကို သတ်ဖြတ်နန်းတက်ခဲ့တာမို့ အသောကမင်းသားကို စဏ္ဍာသောကဘုရင်၊ ကြမ်းကြုတ်ရက်စက်တဲ့ အသောကဘုရင်လို့ အမည်တွင်ကြောင်း သီဟိုဠ်သမိုင်းကျမ်း “မဟာဝံသ” က ဆိုထားပါတယ်။

ဒီနေရာမှာ ကြားဖြတ်ရေးလိုတာက လူသားတဦးဟာ စိတ်သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ မကောင်းဆိုးဝါးစိတ်တွေ ကပ်ငြိလာတဲ့အခါ သူ့ရဲ့လိပ်ပြာဟာ မသန့်ပြန့်တော့ပါဘူး။ မသန့်ရှင်းတဲ့ လိပ်ပြာဟာ ညစ်ထေးတဲ့အလုပ် သုံးပါးကံကိုသာ ကျူးလွန်စေတော့တာပါပဲ။ အဲဒီလို ကျူးလွန်တဲ့ အကုသိုလ်ကံတွေကပဲ သူ့ဂုဏ်သတင်းဆိုး၊ သူ့သမိုင်းညစ်နဲ့ မလှပတဲ့ သူ့လားရာကို ဖော်ညွှန်းတော့တာပါပဲ။ ဒါကြောင့်လည်း ခက်ထန်ကြမ်းကြုတ်ပြီး လူ့အသက်ကို သတ်ဖြတ်ခဲ့လို့  အသောကမင်းသားဟာ စဏ္ဍာသောကလို့ မကောင်းတဲ့အမည် တွင်ခဲ့ရတာ မဟုတ်ပါလား။

မဟာဝံသကျမ်းအလိုအရ နန်းစံသက် ၃၇ နှစ်၊ ပုရာမ်ကျမ်း အလိုအရ နန်းစံသက် ၃၆ နှစ်တာအတွင်းက ပထမ ၇ နှစ်နဲ့ ၈ နှစ်လောက် အတောအတွင်းမှာ အသောကဘုရင်ဟာ သူ့ရဲ့ ဘိုးတော်သူ စန္ဒရဂုတ္တမင်းကြီးရဲ့ အင်ပါယာထဲမှာ မပါဝင်သေးတဲ့ အိန္ဒိယတိုက်က ဒေသတွေသာမက အာရှအလယ်ပိုင်းထိအောင် နယ်ပယ်ချဲ့ထွင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ အာရှအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကိုပါ သူ့အင်ပါယာထဲ သွတ်သွင်းဖို့ စစ်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ပါတယ်။

သူ့ရဲ့ ဘုန်းမီးနေလတန်ခိုးထဖို့ အတ္တမာန်မာနတွေ အတောမသတ်နိုင်ဘဲ တိုက်ရင်းခိုက်ရင်း အိန္ဒိယအရှေ့ပင်လယ်ကမ်းခြေမှာရှိတဲ့ ကလိင်္ဂပြည်ကို ဝင်တိုက်ရာမှာတော့ ကလိင်္ဂတိုင်းသူပြည်သားတွေက လွယ်လွယ်နဲ့ အရှုံးမပေးဘဲ ရဲရဲဝံ့ဝံ့ အသေခံပြီး အသောကဘုရင်ရဲ့ တပ်တွေကို ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်။

နောက်ဆုံးတော့ အင်အားချင်းမမျှတတာမို့ ကလိင်္ဂပြည်ဟာ အသောကဘုရင်ရဲ့ လက်အောက်ကို ကျရောက်ခဲ့တယ်။ စစ်နိုင် အသောကဘုရင်ဟာ ပြင်းထန်လွန်းလှတဲ့ စစ်ပွဲတွေရဲ့ အဆုံးသတ်ရလဒ်ဖြစ်တဲ့ စစ်အနိဋ္ဌာရုံများကို မြင်တွေ့ပြီး ကြီးစွာတုန်လှုပ်သွားခဲ့တယ်။ အဲဒီစစ်ပွဲမှာ ကလိင်္ဂစစ်သည်တော်တွေနဲ့ ပြည်သူပြည်သား တသိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး သိန်းနဲ့ချီတဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးလို့ နယ်နှင်ဒဏ်ပေးခဲ့ရာမှာလည်း အသက်တွေ ထပ်မံဆုံးရှုံးခဲ့ရတယ်။ မိဆုံး၊ ဖဆုံး၊ လင်ဆုံး၊ သားဆုံး၊ မယားဆုံး၊ ခြေပြတ် လက်ပြတ်ဖြစ်ပြီး ညည်းညူ ငိုကြွေး ပူဆွေးသောက ဗျာပါဒဝေနေတဲ့ ဒုက္ခသည် သောင်းပေါင်းများစွာကို အသောကဘုရင် မြင်တွေ့ခဲ့ရပြီးတဲ့နောက် တရားသံဝေဂရကာ စစ်ပွဲတွေကို အပြီးအပိုင် စွန့်ခွာခဲ့ပါတော့တယ်။

စစ်ပွဲတွေကို စက်ဆုပ်ငြီးငွေ့သွားပြီးတဲ့နောက် အသောကမင်းကြီးဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဓမ္မတရား အဆုံးအမတွေအောက်မှာ ဘဝကို မြှုပ်နှံထားခဲ့တော့တယ်။ တရားဓမ္မတွေကို ပူဇော်တဲ့အနေနဲ့ ကျောင်းတိုက်ပေါင်း ၈၄၀၀၀ ကို ဆောက်လုပ်လှူဒါန်းခဲ့တယ်။

အများပြည်သူတွေ သုံးစွဲဖို့ ရေတွင်းရေကန်တွေ တူးဖော်ခြင်း၊ လမ်းတံတားဖောက်ခြင်း၊ ဥယျာဉ်များ၊ ဆေးရုံ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ပြည်သူများအပေါ် အခွန်အတုတ်များ လျှော့ပေါ့ပေးခြင်း၊  သူ့ရဲ့ မြို့တော် ပါဋလိပုတ်မှာ ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ခြင်း၊ တပြည်ရပ်ခြားကို သာသနာပြုအဖွဲ့များ စေလွှတ်ခြင်း၊ သူ့အင်ပါယာတဝန်းလုံးမှာ တရားဓမ္မ အဆုံးအမများကို  ကျောက်စာများတွင် ထိုးထွင်းမှတ်တမ်းပြုစေခြင်း၊  ကျောက်စာတိုင်များ စိုက်ထူစေခြင်း၊ တိရစ္ဆာန်များကို သတ်ဖြတ်ယစ်ပူဇော်တဲ့ ဓလေ့ကို တားဆီးခဲ့ခြင်း၊ တိရစ္ဆာန်ဘေးမဲ့ရုံများ တည်ထောင်ပေးခြင်း စတဲ့ မရေတွက်နိုင်တဲ့ ကောင်းမှုကုသိုလ်တွေ ပြုခဲ့ပါတယ်။

စစ်ဘုရင်ဘဝကနေ သာသနာပြုမင်းဘဝ ကူးပြောင်းရောက်ရှိခဲ့တဲ့ အာသောကမင်းကြီးဟာ ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေဖို့အတွက် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်မှာ တတိယ သင်္ဂါယနာကို ပါဋလိပုတ်မြို့မှာ တင်ခဲ့ပါတယ်။ အသောကမင်းကြီးဟာ ဗုဒ္ဓရဲ့ ဓမ္မတရားတွေကို သူ့ရဲ့ဘာသာရေးဒဿနအဖြစ် လက်ခံခဲ့ပြီးတဲ့နောက် တိုင်းသူပြည်သားတွေအပေါ် မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စတဲ့ တရားမြတ်တွေနဲ့ အုပ်ချုပ်ခဲ့တာကြောင့် သီရိဓမ္မာသောကမင်း ဆိုတဲ့ အမည်နာမကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကြားဖြတ်ရေးချင်တာက အသောကမင်းရဲ့ စိတ်သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ မကောင်းဆိုးဝါးစိတ်တွေ လျော့ပါးလာတဲ့အခါ သူ့ရဲ့လိပ်ပြာဟာ သန့်ပြန့် လှပလာခဲ့တယ်။ သန့်ရှင်းတဲ့လိပ်ပြာဟာ ကောင်းမွန်တဲ့ အလုပ်သုံးပါးကံကို လုပ်ကိုင်ဖို့သာ တိုက်တွန်းတတ်ပါတယ်။ အဲဒီလိုလုပ်ရပ်မှန်၊ ကောင်းမှုကုသိုလ်ကံတွေကပဲ သူ့ဂုဏ်သတင်းမွှေး၊ သူ့သမိုင်းကောင်းနဲ့ လှပတဲ့ သူ့လားရာကို ဖော်ညွှန်းခဲ့တော့တာပါပဲ။ ဒါကြောင့်လည်း အများပြည်သူကို သနားကြင်နာစိတ်၊ မေတ္တာစိတ်တွေနဲ့ တရားဓမ္မအတိုင်း အုပ်ချုပ်စီမံခဲ့လို့ အသောကမင်းသားဟာ သီရိဓမ္မာသောကလို့ ကောင်းတဲ့ အမည်တွင်ခဲ့ရတာ မဟုတ်ပါလား။ ဘယ်လိုပဲ ကုသိုလ်ကောင်းမှုပြုပြု အသောကမင်း ကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေဟာ လှည်းဘီးရာဟာ နွားလှည်းနောက် ထက်ကြပ်မကွာ လိုက်ပါခဲ့ပါတယ်။

လူတယောက်ဟာ စိတ်ကောင်း နှလုံးကောင်း မရှိဘူး။ အကျင့်သီလမကောင်းဘူး ဆိုရင် မကောင်းသောကံတွေ ပြုမိတာများပြီး သူ့လိပ်ပြာဟာ မသန့်ုပြန့်နိုင်တော့ဘဲ ညစ်နွမ်းတဲ့စိတ်တွေနဲ့ ပေကျံအကျည်းတန်နေတော့တာပါပဲ။ လိပ်ပြာမသန့်တဲ့ လူတယောက်ဟာ နောက်ကျောလုံလေ့ မရှိတော့ဘဲ မိမိကျူးလွန်ထားတဲ့ အကုသိုလ်ကံအတွက် ပူပန်သောကတွေ ရင်မှာ အမြဲပိုက်ထားရလေ့ ရှိပါတယ်။

လိပ်ပြာမလုံသူတွေဟာ ကိုယ့်အရိပ်ကိုတောင် ရန်သူထင်နေတတ်ပြီး စက္ကန့်မလပ် အကုသိုလ်စိတ်တွေ ကုဋေကုဋာဖြစ်ပွားလို့ လောကငရဲကျနေရသူတွေလည်း ဖြစ်ပါတယ်။ သူတပါးတွေကိုလည်း သူတို့စိတ်နဲ့နှိုင်းပြီး  ဘယ်သူ့ကိုမှလည်း မယုံကြည်တော့ဘဲ မိတ်ဆွေကိုတောင် ရန်သူလို့ ထင်တတ်ပြီး သံသယတွေပွားလို့ အမုန်းတရားတွေကိုသာ အစဉ်အမြဲ စားသုံးလေ့ရှိတာမို့ သူတို့ဟာ ရန်သူများတတ်ပါတယ်။ ဒါကြောင့် လိပ်ပြာမသန့်တဲ့သူတွေ၊ လိပ်ပြာမလုံတဲ့သူတွေ အားကောင်းကြီးစိုးတဲ့အရပ်ဟာ ညီညွတ်မှု ပြိုကွဲပြီး အနိဋ္ဌာရုံတွေ ပြည့်လွှမ်းလို့ အကျည်းတန် အရုပ်ဆိုးနေတော့တာပါပဲ။

အဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လိပ်ပြာသန့်တဲ့လူတွေဟာ စိတ်ဖြောင့်ဖြောင့်နဲ့ ချမ်းသာစွာ နေနိုင်ကြတယ်။ မိတ်ဆွေအပေါင်းအသင်း အသိုင်းအ၀ိုင်းကြားမှာလည်း တင့်တယ်ပြီး လူချစ်လူခင် များကြတယ်။ လိပ်ပြာလုံတဲ့ လူ့အဖွဲ့အစည်းတွေဟာ ယုံကြည်မှုတွေနဲ့ လွှမ်းခြုံလို့ ညီညွတ်ရေးဆိုတာ အထူးတည်ဆောက်စရာမလိုဘဲ ခိုင်မာစွာ တည်ရှိနေတော့တာပါပဲ။

“မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ” ဆိုတဲ့ စကားဟာ အဓိပ္ပာယ် အလွန်နက်ရှိုင်းလှပါတယ်။ လူသားတယောက်ဟာ လူသူလေးပါးမရှိတဲ့အရပ်မှာ မကောင်းမှုကံကို ဘယ်သူမှမသိဘူးဆိုတဲ့ အတွေးနဲ့ အလွယ်တကူ ကျူးလွန်တတ်ကြပါတယ်။ ဒါပေမယ့် မိမိဆိုတဲ့ ကာယကံရှင်တဦး သိနေတယ်ဆိုတဲ့ အချက်ကို  မေ့လျော့နေလေ့ ရှိကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ သမိုင်းစာမျက်နှာထက်မှာ ထောင်ပေါင်းများစွာသော မင်းဧကရာဇ်၊ ဘုရင် မင်းညီမင်းသား အမည်နာမတွေအကြား အသောကရဲ့ အမည်နာမဟာ ထွန်းလင်းတောက်ပဆုံး ကြယ်တာရာကြီးအဖြစ် သမိုင်းတင်ကျန်ရစ်စေခဲ့တဲ့ အဓိကအကြောင်းတရားကတော့ တရားဓမ္မ အဆုံးအမတွေကို နှလုံးသားက နားလည်လက်ခံ ကျင့်သုံးလာခဲ့တော့ လောဘ၊ ဒေါသ၊ မာန်မာနတွေ လျှော့ချနိုင်ခဲ့တာကြောင့် အသောကမင်းရဲ့ ကောင်းမွန်သန့်ပြန့်တဲ့ လိပ်ပြာရဲ့ စေ့ဆော်တိုက်တွန်းမှုက သီးပွင့်လာတဲ့ အများပြည်သူ ကောင်းကျိုးချမ်းသာရေး ဆောင်ရွက်ချက်တွေ၊  ကောင်းမှုကုသိုလ် အလုပ်သုံးပါးကံ အစုစုတွေရဲ့ အကျိုးရလဒ်တွေပါပဲ။

အဲဒီလိုပါပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိမျက်မှောက် နိုင်ငံရေးအခြေအနေကို သုံးသပ်လိုက်ရင်လည်း တဖက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ပြောဆိုဆွေးနွေးနေကြပေမယ့် တဖက်မှာ အကြောင်းအမျိုးမျိုးပြလို့ ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲတွေ အရှိန်မြှင့်၊ ထိုးစစ်တွေ ဆင်နွှဲ၊ သဲကြီးမဲကြီးနဲ့ လူသတ်စစ်ပွဲတွေ ဖန်တီးနေကြတာဟာ စစ်မိန့်ပေးပိုင်ခွင့်ရှိသူတွေရဲ့လိပ်ပြာ ညစ်ထေး အကျည်းတန်နေလို့ပါပဲ။ နိုင်ငံကို အုပ်စိုးထားသူတွေ၊ တိုင်းသူပြည်သားအများစု ကိုယ်ချင်းမစာနာတတ်ဘူး၊ သူတို့ရဲ့ လိပ်ပြာတွေဟာ မသန့်ပြန့်ဘူးဆိုရင် အဲဒီနိုင်ငံရဲ့ လိပ်ပြာဟာလည်း မလှပနိုင်တော့သလို ချမ်းမြေ့သာယာတဲ့ လူ့ဘောင်တခုဖြစ်အောင် မတည်ဆောက်နိုင်ပါဘူး။ အဲဒီအခါမှာ မညီမျှမှု၊ မတရားမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေ နေရာအနှံ့ ဖြစ်ပွားလို့ လူနည်းစုသာ အခွင့်ထူးခံခွင့်ရပြီး လူများစုကတော့ ဆင်းရဲဒုက္ခတွေနဲ့ နိစ္စဓူဝ ရင်ဆိုင်ရင်း အနိဋ္ဌာရုံတွေသာ လွှမ်းမိုးနေပါလိမ့်မယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် … နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းရေးရလို့  ပြည်သူပြည်သားအများစု သာယာချမ်းမြေ့ဖို့ဆိုရင် အဲဒီနိုင်ငံရဲ့ လိပ်ပြာလှဖို့ လိုအပ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ လိပ်ပြာလှပဖို့ ဆိုရင်တော့ နိုင်ငံသူနိုင်ငံသားတွေ အထူးသဖြင့် တိုင်းပြည်ကို အုပ်စိုးစီမံနေရသူတွေ၊ အတိုက်အခံပြုနေသူတွေ အားလုံးရဲ့ နှလုံးသားလိပ်ပြာသန့်ဖို့ လိုပါတယ်။

နှလုံးသားလိပ်ပြာသန့်ဖို့ဆိုတာ… လောကဓမ္မ တရားအဆုံးအမတွေကို မိမိအတ္တကို ဗဟိုမပြုဘဲ ဆင်ခြင်သုံးသပ်နိုင်ဖို့၊ အမှား အမှန်ကို ခွဲခြားသိတတ်တဲ့ ဉာဏ်အမြင်ရှိဖို့ လိုသလို၊ မိမိကျူးလွန်ခဲ့တဲ့အမှားကိုလည်း ရဲရဲရင့်ရင့်၊ စိတ်သတ္တိရှိရှိ၊ ရိုးရိုးသားသား ဝန်ခံတောင်းပန်ရဲဖို့ လိုပါတယ်။ နောင်မှာလည်း အလားတူ ထပ်မမှားအောင် ထိန်းချုပ်ပြီး အများပြည်သူ ကောင်းကျိုးချမ်းသာကို ရှေးရှုလို့ ကောင်းမွန်တဲ့ အလုပ်သုံးပါးကံတွေကိုသာ သတိပြု ဆောင်ရွက်ကြဖို့ လိုပါတယ်။

မြန်မာနိုင်ငံကို လောကငရဲတွင်းထဲ ကျစေပြီး ကြောက်မက်ဖွယ်ရာ ဒုက္ခဆင်းရဲတွေသာ ပေးအပ်နေတဲ့ ပြည်တွင်းစစ်ကြီး အပြီးတိုင်ရပ်စဲဖို့ အားလုံး တောင့်တနေတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံသူနိုင်ငံသားအားလုံး မိမိလိပ်ပြာကို မိမိကိုယ်တိုင် လှပအောင် သန့်စင်ပြုပြင်ပြီး မိမိနိုင်ငံရဲ့ လိပ်ပြာလှပ သန့်ပြန့်လာနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းနိုင်ကြပါစေလို့ အလေးအနက် မေတ္တာရပ်ခံ ဆန္ဒပြုလိုက်ပါတယ်။

မင်းကောင်းချစ်

ဇန္န၀ါရီလ ၂ ရက်နေ့  ၂၀၁၇ ခုနှစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013