
ရုရှားစစ်တပ်က တီယူ-၁၅၄ လေယာဉ်တစီးဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့က ပင်လယ်နက်ထဲကို ပျက်ကျပြီး လေယာဉ်ဝန်ထမ်းအပါအဝင် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့သူ ၉၂ ယောက်စလုံး သေဆုံးသွားခဲ့ရပါတယ်။ လေယာဉ်ဟာ ဂျော်ဂျီယာ၊ အက်ဘ်ခါဇီယာနဲ့ ရုရှားနိုင်ငံနယ်စပ် ပင်လယ်နက်ကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ ဆိုချီမြို့အက်ဒ်လာလေဆိပ်ကနေ ဆီးရီးယားနိုင်ငံ လာတာခီယာကို ပျံသန်းဖို့ ဒေသစံတော်ချိန် ၀၅:၂၅ (၀၂:၂၅ GMT) မှာ လေဆိပ်ကတက်ခဲ့ပြီး ၂ မိနစ်အကြာမှာပဲ ရေဒါမြင်ကွင်းက ပျောက်ကွယ်သွားခဲ့ပြီး ခုလို ပင်လယ်နက်ထဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ လေယာဉ်ဟာ မော်စကိုမြို့တော်က စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး ဆိုချီမှာ ဆီပြန်ဖြည့်ဖို့ ဆင်းသက်ခဲ့တာပါ။
ဒီ တီယူ-၁၅၄ လေယာဉ်က တပ်မတော်သားတွေ၊ သတင်းထေက်တွေနဲ့ ဆီးရီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုရှားတပ်တွေကို ဖျော်ဖြေပေးဖို့ နာမည်ကျော် တပ်မတော် တေးဂီတအဖွဲ့ အလက်ဇန်းဒရော့ဗ်က အဖွဲ့ဝင် ၆၄ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ် ဖြစ်တော့ ဒီလေယာဉ်ပျက်ကျမှုဟာ စစ်သားတွေချည်းပါဝင်ပြီး စစ်ရေးတာဝန်တွေကို ထမ်းဆောင်ဖို့ သွားတဲ့ စစ်လေယာဉ် မဟုတ်ဘဲ အနုပညာဖျော်ဖြေရေးတာဝန်တခုနဲ့ သွားရောက်ခဲ့တဲ့ အနုပညာရှင်တွေတွေက အများစု ဖြစ်နေတဲ့အတွက် ပိုပြီးကြေကွဲ ဝမ်းနည်းစရာကောင်းတယ်လို့ ပြောရမယ် ထင်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ “တီယူ-၁၅၄ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေကို ဆိုချီမြို့ကနေ ၁ ဒသမ ၅ ကီလိုမီတာ (တမိုင်)၊ ပင်လယ်ရေပြင်အောက်အနက် ၅၀ မီတာကနေ ၇၀ မီတာ အနက်(၁၆၅ ပေ-၂၃၀ ပေ) မှာ တွေ့ရှိခဲ့ရတယ်လို့ သူ့ရဲ့ ထုတ်ပြန်ကြေညာချက်တခုမှာ ဖော်ပြခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အီဂေါ ခိုနာရှင်ခေါ့ဗ်ကလည်း “ အသက်ရှင်ကျန်တဲ့သူတယောက်မှ မတွေ့ခဲ့ရပါဘူး” လို့ ပြောကြားအတည်ပြုပေးခဲ့ပါတယ်။ လေယာဉ်ပျက်ကျတဲ့နေရာမှာ ရှာဖွေရေးလုပ်ငန်းကို နေ့ ညလုံးပေါက် လုပ်ဆောင်ရာမှာ ရေငုပ်သမား ၁၀၀ ကျော် ပါဝင်ခဲ့ကြတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားပို့ဆောင်ရေးဝန်ကြီးကလည်း လေယာဉ်ပျက်ကျမှု ဖြစ်ရတဲ့ ဖြစ်နိုင်သမျှ အကြောင်းရင်းတွေရဲ့ အလုံးစုံအဆက်အစပ် နယ်ပယ်တခုလုံးကို စုံစမ်းစစ်ဆေးသူတွေက စုံစမ်းစစ်ဆေးမှုတွေအားလုံး လုပ်ဆောင်နေကြပြီလို့ ပြောကြားခဲ့ပါတယ်။
ဆိုချီမြို့နားက ရှာဖွေစုံစမ်းရေးလုပ်ငန်းမှာ ရေငုပ်သမား ၂၀၀ နီးပါးနဲ့ သင်္ဘောတွေ၊ လေယာဉ်တွေ၊ ဟယ်လီကော့ပတာတွေနဲ့ ရေငုပ်ယာဉ်တွေ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ တနင်္လာနေ့ အနှောင်းပိုင်း ရှင်းလင်းပြောဆိုမှုမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အီဂေါ ခိုနာရှင်ခေါ့ဗ်က ပြတင်းပေါက်တွေ ပါဝင်တဲ့ လေယာဉ်ကိုယ်ထည်တခုကို တွေ့ရှိလို့ ကမ်းခြေကို ယူဆောင်လာခဲ့ပြီဖြစ်ပြီး စက်အပိုင်းအစတွေနဲ့ လေယာဉ်အမြီးပိုင်းကိုလည်း ရေအောက်မှာ တွေ့ရှိထားပြီလို့ အသိပေးခဲ့ပါတယ်။
အစပိုင်းမှာ ရှာဖွေရေးအဖွဲ့တွေက သေဆုံးသူ ၁၁ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပေမယ့် တာဝန်ရှိ အရာရှိတွေကတော့ လေယာဉ်ကိုယ်ထည်ထဲမှာ ပိတ်မိနေတဲ့သူတွေ အများကြီး ကျန်နေသေးတယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ လေယာဉ်အမြီးပိုင်းမှာ ရှိတဲ့ ပျံသန်းမှု အသံဖမ်းသေတ္တာ ‘သေတ္တာမည်း’ ကိုတော့ ပြန်မရခဲ့ကြသေးပါဘူး။
ပို့ဆောင်ရေးဝန်ကြီး မက်ဆင်းမ် ဆိုလိုလော့ဗ်ကတော့ လေယာဉ်ပျက်ကျရတဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေရဲ့ အဓိက အဆိုတွေထဲမှာ အကြမ်းဖက်တိုက်ခိုက်မှု မပါဝင်တဲ့ အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူက စုံစမ်းစစ်ဆေးသူတွေဟာ လေယာဉ်ပျက်ရတာဟာ လေယာဉ်မှူးရဲ့ အမှားကြောင့်လား၊ စက်ပိုင်းဆိုင်ရာ အမှားအယွင်းကြောင့်လား ဆိုတာကို စုံစမ်းစစ်ဆေးနေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လေယာဉ်ပျက်ကျမှုတွေရဲ့ အဓိကအကြောင်းရင်းကို ဖော်ထုတ်ရာမှာ အရေးအကြီးဆုံးက ပျံသန်းနေတဲ့ အချိန်မှာ လေယာဉ်မှူးတွေရဲ့ ဆက်သွယ်စကားပြောသံတွေကို မှတ်တမ်းတင်ထားတဲ့ ပျံသန်းမှုအသံဖမ်းသေတ္တာ ‘သေတ္တာမည်း’ ကို တွေ့ရှိမှ ဖြစ်မှာဖြစ်တဲ့အတွက် ချက်ချင်းကောက်ချက်ချလို့ မရခဲ့ကြပါဘူး။ ရှာာဖွေရေးအဖွဲ့တွေက လေယာဉ်အမြီးပိုင်းမှာ ရှိတဲ့ သေတ္တာမည်းကို တွေ့ရှိရယူနိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ လေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့်တော့ မဟုတ်ဘူးဆိုတာ ရုရှားအာဏာပိုင်တွေ သိရှိလိုက်ကြပါတယ်။ ဒီအထိလည်း အကြောင်းရင်းကို အတိအလင်း ထုတ်ဖော်ပြောဆိုဖို့ မဖြစ်နိုင်သေးတဲ့အတွက် လေယာဉ်တစီးလုံးရဲ့ ပင်မ အချက်အလက် မှတ်တမ်းတင်ထားတဲ့ လေယာဉ်မှူးရဲ့ အခန်းထဲမှာ ထားရှိတဲ့ အမည်းရောင်သေတ္တာကို ဆက်လက်ရှာဖွေခဲ့ကြရပါတယ်။ ရှာဖွေရေးအဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အင်္ဂါနေ့မှာတော့ အဲဒီအဓိက လေယာဉ်ဦးခေါင်းပိုင်းမှာရှိတဲ့ ပျံသန်းမှု မှတ်တမ်းတင် သေတ္တာမည်းကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။
တကယ်တော့ အဲဒီ ပျက်ကျသွားခဲ့တဲ့ ရုရှားစစ်လေယာဉ်ရဲ့ လေယာဉ်မှူးက အတွေ့အကြုံ ရင့်ကျက်တဲ့ ဗိုလ်မှူးရိုမင်ဗိုလ်ကော့ဗ် ဖြစ်ပြီး သူ့ရဲ့ တွဲဖက်လေယာဉ်မှူးကလည်း ပျံသန်းမှု အတွေ့အကြုံ ၁၀ နှစ်ရှိနေဖြစ်တဲ့ ဗိုလ်ကြီး အလက်ဇင်းဒါး ရိုဗင်စကီ ဖြစ်ပါတယ်။ လေယာဉ်မှူး ၂ ယောက်စလုံးဟာ အတွေ့အကြုံ ရင့်ကျက်ပြီးသား ဖြစ်သလို အစောပိုင်းက ရုရှား သတင်းမီဒီယာတွေက ထုတ်လွှင့်ချက်တွေအရ လေယာဉ်ထိန်းသိမ်းရေး မျှော်စင်နဲ့ လေယာဉ်မှူးတွေအကြား နောက်ဆုံး ဆက်သွယ်စကားပြောဆိုမှုတွေမှာ လေယာဉ်နဲ့ပတ်သက်ပြီး အခက်အခဲ တစုံတရာရှိခဲ့တဲ့ လက္ခဏာ မကြားခဲ့ရပါဘူး။ ဒါပေမယ့် လိုက်ဖ် (Life) လို့ ခေါ်တဲ့ ရုရှားလုံခြုံရေး အေဂျင်စီတွေနဲ့ နီးစပ်တဲ့ သတင်းဆိုက်တခုက ထုတ်ပြန်တဲ့ လေယာဉ်မှူး အခန်းက သေတ္တာမည်းရဲ့ မှတ်တမ်းတင်ချက်တွေကို ကူးယူဖော်ပြချက်တွေအရတော့ လေယာဉ်မှူး ၂ ဦးစလုံးဟာ မမျှော်လင့်ဘဲ အံ့သြ ထိတ်လန့်စရာအဖြစ်နဲ့ တွေ့ကြုံခဲ့ရတာဖြစ်တယ်လို့ ကောက်ချက် ချလို့ရပါတယ်။
တွဲဖက်လေယာဉ်မှူးက လေယာဉ်မှူးကို လေယာဉ်အလျင်နှုန်း ၃၀၀ ဆိုတာနဲ့ သူ ဘီးတွေတင်ပြီးတဲ့အကြောင်း ပြောသံ၊ ရုတ်တရာက် “အိုး၊ ဒုက္ခ”ပဲ ဆိုတဲ့ ရေရွတ်သံ၊ “လေယာဉ်တောင်ပံပြားတွေ..ဒုက္ခပဲ” ဆိုတဲ့ အသံတွေနဲ့ စူးရှတဲ့ သတိပေးအချက်ပေးသံတွေ ဆက်တိုက်ကြားနေရပြီး လေယာဉ်အမြင့်ပြကိရိယာလို့ ပြောလိုက်သံနဲ့ မကြားရတဲ့ အသံတွေ၊ နောက်ဆုံး “ဗိုလ်မှူး၊ ကျနော်တို့ ထိုးကျနေပြီ” ဆိုတဲ့ အသံတွေကို နောက်ဆုံး ကြားလိုက်ရပါတယ်။
ရုရှားစစ်လေယာဉ် တီယူ-၁၅၄ ပင်လယ်နက်ထဲကို ရုတ်တရက် ထိုးကျ ပျက်စီးသွားရတဲ့ အဓိကအကြောင်းကတော့ လေယာဉ်ဦးခေါင်းကို မော့အောင်၊ စိုက်အောင် အဓိကလုပ်ပေးရတဲ့ လေယာဉ်တောင်ပံပြားတွေ ရုတ်တရက် အလုပ်မလုပ်တော့လို့ လေယာဉ်ကို မထိန်းချုပ်နိုင်ဖြစ်ပြီိး ထိုးကျပျက်စီးသွားရတာပဲ ဖြစ်တယ်လို့ ရုရှားတာဝန်ရှိပုဂ္ဂိုလ်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
ဘာဖြစ်လို့ ဒီလေယာဉ်တောင်ပံပြားတွေ ရုတ်တရက် ဒီလို အလုပ်မလုပ်တော့တာလဲ ဆိုတာကိုတော့ ရုရှားလေတပ်နဲ့ ပျံသန်းရေးပညာရှင်တွေက ဆက်ပြီး စုံစမ်းစစ်ဆေးနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်ဝန်ထမ်း ၁၀ ယောက် အပါအဝင်၊ သတင်းထောက်နဲ့ တေးဂီတ အနုပညာရှင်တွေ အပါအဝင် ခရီးသည် ၈၂ ယောက်၊ စုစုပေါင်း ၉၂ ယောက် အသက်ဆုံးရှုံးသွားခဲ့ရပါပြီ။
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ဆိုရင်လည်း နည်းပညာအရ ဘာတွေ လိုအပ်နေလို့လဲ၊ ဘာတွေ ပြုပြင်ပြောင်းလဲဖို့၊ အသစ်လဲလှယ်ဖို့ လိုမလဲ ဆိုတာတွေကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီ ရုရှားဒီဇိုင်း အင်ဂျင် ၃ လုံးတပ် တီယူ-၁၅၄ လေယာဉ်တွေဟာ ၁၉၆၀ ပြည့်နှစ် အလယ်ပိုင်းကတည်းက ရုရှားလေယာဉ် ထုတ်လုပ်ရေးကုမ္မဏီ တူပိုလက်ဗ်က ထုတ်လုပ်ခဲ့တဲ့ ကိုယ်ထည်ကျဉ်း ဂျက်လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။ အဓိက ရုရှားလေတပ်နဲ့ တခြားလေကြောင်းလိုင်းတွေမှာ အသုံးပြုခဲ့ပြီး အတော်ကြီး အသုံးများခဲ့ပါတယ်။
ဒါပေမယ့် ရုရှားနိုင်ငံရဲ့ နာမည်ကျော် လေကြောင်းလိုင်း (တရားဝင် အမျိုးသားလေကြောင်းလိုင်း မဟုတ်ပေမယ့်) အဲရိုဖလော့ကတော့ နှစ်ပေါင်း ၄၀ အကြာ ၂၀၁၀ ခုနှစ် ဇန်နဝါရီလကတည်းက သူ့ရဲ့ တီယူ-၁၅၄ လေယာဉ်တွေကို အနားပေး အသုံးမပြုတော့ဘူးလို့ ကြေညာခဲ့တာ တွေ့ရပါတယ်။
ပြောရရင်တော့ သက်တမ်းကြာရှည်လှပြီး ရုတ်တရက် စက်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းမှုတွေ ဖြစ်လာနိုင်လောက်အောင် အိုမင်းလာတဲ့အတွက်ကြောင့်လို့လည်း ပြောလို့ရမယ် ထင်ပါတယ်။ ။
စိုးနေလင်း










