DVB Logo
Home
Lead Story
ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနဲ့ ရှစ်လေးလုံးအရေးအခင်းမှ တရုတ်သင်ခန်းစာရ
DVB
·
December 30, 2016
ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနဲ့ ရှစ်လေးလုံးအရေးအခင်းမှ တရုတ်သင်ခန်းစာရ
Donate to DVB

 

ဒီနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ဆိုဗီယက်ယူနီယံပြိုကွဲခဲ့တာ ၂၅ တင်းတင်းပြည့်ခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ရုရှားရဲ့ လက်ရှိသမ္မတ ဗလာဒီမာပူတင်က “၂၀ ရာစုရဲ့ အကြီးမားဆုံး ပထဝီနိုင်ငံရေးဆိုင်ရာ ရုတ်တရက် ကပ်ဘေးသင့်မှုကြီးတရပ်” လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေကတော့ ဒီအဖြစ်အပျက်ကြီးဟာ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှုကို အဆုံးသတ်ပေးလိုက်တဲ့ သမိုင်းဝင်အောင်ပွဲလို့ ကြွေးကြော်ခဲ့ကြတယ်။

အဲဒီအချိန်က အဲဒီပြိုကွဲမှုအပေါ် တရုတ်ပြည်က ပညာတတ်များရဲ့ ထင်မြင်ယူဆချက်များ၊ ဆွေးနွေးငြင်းခုံချက်များ အမြောက်အမြားလည်း ထွက်ပေါ်လာခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ လူထုအုံကြွမှုကြီးကနေစခဲ့တဲ့ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုဟာ ကွန်မြူနစ် အိုင်ဒီယိုလော်ဂျီရဲ့ ကျဆုံးမှုသင်္ကေတ တရပ်လည်း ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်မြူနစ်နိုင်ငံအစိုးရအတော်များများရဲ့ စံပြပုံစံတရပ် ဖြစ်ခဲ့သလို၊ ကမ္ဘာ့ပထမဦးဆုံးနဲ့ အရှည်ကြာဆုံး ဆိုရှယ်လစ်တည်ဆောက်ရေး အတွေ့အကြုံတွေရှိတဲ့ တိုင်းပြည်ဖြစ်ပြီး တရုတ်ပြည်ရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွေ အပေါ်မှာလည်း နက်နက်ရှိုင်းရှိုင်း သြဇာသက်ရောက်မှု ရှိခဲ့တယ်။ ဒါ့ကြောင့် တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အလားတူကံကြမ္မာဆိုးကို လွှဲရှောင်ပြီး ရှင်သန်ကျန်ရစ်ဖို့က အရေးကြီးပြဿနာတရပ် ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့စွဲပါ The Diplomat မှာ ဖော်ပြခဲ့တဲ့ What China Learned from the Soviet Union's Fall ဆောင်းပါးမှာ A. Greer Meisels က အဲဒီကိစ္စနဲ့ပတ်သက်တဲ့ တရုတ်ပြည်ထဲက အမြင်အမျိုးမျိုးကို နိဂုံးချုပ်ကြည့်ရင် “အပြစ်တင်ခြင်း ၃ ရပ်” ကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒါတွေက လူကို အပြစ်တင်ခြင်း၊ စနစ်ကို အပြစ်တင်ခြင်းနဲ့ အနောက်(ကမ္ဘာ)ကို အပြစ်တင်ခြင်းတွေပါပဲတဲ့။

လူကိုအပြစ်တင်ခြင်း

၁၉၉၀ ခုနှစ်များနဲ့ ယနေ့အချိန်အထိ တရုတ်ပြည်က လူတော်တော်များများက ဆိုဗီယက်ယူနီယံ ပြိုကွဲသွားမှု အစအဆုံးဟာ မီးခေးလ် ဂိုဘာချော့ဗ် တဦးတည်းရဲ့ အမှားကြောင့်လို့ အပြစ်တင်ကြပါတယ်။ ဒီအမြင်ဟာ တရုတ်ကွန်မြူနစ်ပါတီထဲက လက်ဝဲ ရှေးရိုးစွဲဝါဒီများရဲ့အမြင်ကို ရောင်ပြန်ဟပ်တာလို့ ယူဆရပါတယ်။ ဂိုဘာချော့ဗ်ရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်တွေ အရှိန်မြင့်မားလာစဉ်တုန်းက “တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်တွင်းမှာ ဂိုဘာချော့ဗ်ရဲ့ 'ပြန်လည်ပြင်ဆင်ရေးဝါဒ'ကို ဆန့်ကျင်တိုက်ပွဲဆင်ရမယ်” လို့ ပြောဆိုကြသူတွေ ရှိခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တရုတ်ပြည် လွတ်မြောက်ပြီးတဲ့ နောက်ပိုင်းကာလမှာ “Revisionist” ပြန်လည်ပြင်ဆင်ရေးသမားလို့ အစွပ်စွဲခံရတာဟာ “ကြောက်စရာကြီး” ပါပဲ။ ၂၀၁၁ ခုနှစ် မတ်လ ၁ ရက်နေ့က Chinese Academy of Social Sciences (CASS) တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီက စာအုပ်တအုပ် ထုတ်ဝေပါတယ်။ အဲဒီစာအုပ်ကို “အန္တရာယ်ကို ရင်ဆိုင်ရန် အချိန်မီ ကြိုတင်ပြင်ဆင်ခြင်း - အနှစ် ၂၀ မြောက် ရုရှားကွန်မြူနစ်ပါတီ ပြိုကွဲခြင်းအပေါ် ပြန်လည်သုံးသပ်ချက်များ” လို့ အမည်ပေးထားပါတယ်။ ဒီအထဲမှာ ဆိုဗီယက်ကွန်မြူနစ်ပါတီ (CPSU) ပြိုကွဲပျက်စီးသွားတာရဲ့ အခြေခံအကြောင်းရင်းဟာ ဆိုဗီယက်ဆိုရှယ်လစ်စနစ်ကြောင့် မဟုတ်ဘဲ အဲဒီတုန်းက သမ္မတ ဂိုဘာချော့ဗ် ခေါင်းဆောင်တဲ့ ရုရှားကွန်မြူနစ်တွေရဲ့ အဂတိလိုက်စားမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဂတိလိုက် ခြစားမှုရဲ့ ဆိုးကျိုးတွေကို ထင်ထင်ရှားရှား မြင်တွေ့လာနေရတဲ့ ကနေ့ တရုတ်ပြည်မှာ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ စိတ်ထဲက တကယ်မပါတောင် စကားအားဖြင့်တော့ ဒီကြောက်စရာကောင်းလှတဲ့ ရန်သူကို ဆန့်ကျင်တိုက်ပွဲဆင်ရမယ်လို့ မုချပြောကိုပြောရမှာပါပဲတဲ့။

စနစ်ကို အပြစ်တင်ခြင်း

ဒုတိယ သြဇာသက်ရောက်မှုအရှိဆုံး အုပ်စုကတော့ ပြိုကွဲမှုဟာ စနစ်ရဲ့ အားနည်းချက်ကြောင့်လို့ ဆိုသူတွေပါ။ သူတို့က ပိုပြီးလစ်ဘရယ်ကျတဲ့သဘောရှိပြီး ပြုပြင်ပြောင်းလဲရေးအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ များပါတယ်။ အဲဒီအမြင်က ဒီပြိုကွဲမှုဟာ ဆိုရှယ်လစ်စနစ်ရဲ့ ပင်ကိုချို့ယွင်းအားနည်းချက်တွေကြောင့် မဟုတ်ဘဲ ဆိုဗီယက်ယူနီယံမှာ  ဘယ်လိုကျင့်သုံးခဲ့တယ်ဆိုတာနဲ့သာ သက်ဆိုင်တယ်လို့ ဆိုကြတယ်။ ဒီပုဂ္ဂိုလ်တွေက စီးပွားရေး နှေးကွေးတုံ့ဆိုင်းနေခဲ့တာ၊ စီမံခန့်ခွဲမှု လွဲမှားတာ၊ တရားသေဝါဒကျင့်သုံးမှုနဲ့ ဗျူရိုကရေစီ ကြိုးနီစနစ်ရဲ့ တင်းတောင့်ပြီး Flexible မဖြစ်တာ စတဲ့ ပြည်တွင်းက အပြစ်အနာအဆာတွေကို လက်ညှိုးထိုးပါတယ်။ တကယ်တော့ ဒါတွေက ဂိုဘာချော့ဗ် လက်ထက်ကျမှ ရုတ်တရက် ပေါ်လာတာ မဟုတ်ပါဘူး။ အရှေ့ဥရောပနဲ့ ဆိုဗီယက်ယူနီယံ တဝန်းလုံးမှာ တချိန်လုံး ကင်ဆာရောဂါ မြစ်ပွားနာလို ပျံ့နှံ့နေခဲ့တာ ကြာပါပြီ။ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီဝင်တွေထဲမှာ ဒီလို “စနစ်ကို အပြစ်တင်” တဲ့အမြင် ဘာကြောင့် ရှိရတာလဲဆိုတာ ကောင်းကောင်းမှန်းဆလို့ ရပါတယ်။ အားလုံးခြုံကြည့်လိုက်တဲ့အခါ တိန့်ရှောက်ပင်းရဲ့ (Reforms) ပြုပြင်ပြောင်းလဲရေး အများအပြားဟာ ဒီလို အသေကျ၊ ရပ်တန့်နေတဲ့ စဉ်းစားတွေးခေါ်မှုတွေကို ဆန့်ကျင့်တိုက်ဖျက်ဖို့ ကြိုးပမ်းခြင်းပဲ ဖြစ်ပါတယ်။

အနောက်ကို အပြစ်တင်ခြင်း

အနောက်ကို အပြစ်တင်တဲ့အုပ်စုကတော့ အထက်ကအုပ်စုနှစ်ခုနဲ့ ခြားနားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အမေရိကန်ပြည်ထောင်စုရဲ့ ပေါ်လစီတွေနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးလာမှုတွေကို ကြောက်ရွံ့တာက အခြေခံအချက်ဖြစ်လို့ပါပဲ။ အဲဒီအုပ်စုအပေါ် လွှမ်းမိုးနေတဲ့အချက်က အမေရိကန်အနေနဲ့ သူ့ရဲ့ပါဝါကို အသုံးချပြီး တရုတ်ပြည်ကို ဖိအားပေးလာကာ အုပ်ချုပ်ရေးပုံစံ အပြောင်းအလဲလုပ်မှာကို စိုးရိမ်တာပါ။ ပြည်သူ့နေ့စဉ်လို၊ ဟောင်ကောင်ထုတ် ဝမ်ဝှေ့ပေါက်လို သတင်းစာများမှာ ဖော်ပြလေ့ရှိတာက တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အနောက်အုပ်စုရဲ့ ရန်လိုတဲ့ သြဇာကြီးထွားလာမှုနဲ့ တနေ့တခြား ထွက်ပြူလာနေတဲ့ ပါတီတွင်း မစည်းမလုံး ဖြစ်လာနေတာကို စိုးရိမ်လာနေတာပါ။ ဒီလို စိတ်ခံစားချက်တွေက အခုထက်တိုင် ပဲ့တင်ရိုက်ခတ်နေဆဲဖြစ်ပြီး အမေရိကန် ဗိုလ်ကျစိုးမိုးရေးဝါဒကို ဆန့်ကျင်တဲ့ ဒေါသတကြီးငြင်းခုံမှုတွေကို တရုတ်စာနယ်ဇင်းတချို့မှာ အယ်ဒီတာ့အာဘော်နဲ့ ဆန့်ကျင်ဘက် ဝေဖန်ချက်တွေအဖြစ် တွေ့မြင်ရလေ့ရှိပါတယ်။

“ဆိုဗီယက်ယူနီယံရဲ့ ယနေ့ဟာ ကျနော်တို့ရဲ့မနက်ဖြန်လား”

ဒီ အပြစ်တင်ခြင်း ၃ ရပ် ဆိုတာက တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစီမိတ်ကာတွေအပေါ်ကို ဘယ်လောက်အတိုင်းအတာအထိ သြဇာသက်ရောက်မှုရှိတယ်ဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတယ်။ တိန့်ရှောက်ပင်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ကြေညာလိုက်နိုင်တာက တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေအထဲမှာ အဲဒီတုန်းက ဗဟိုကော်မတီရဲ့ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ချင်ယွင် ခေါင်းဆောင်တဲ့ ရှေးရိုးစွဲ လက်ဝဲသမားကြီးများ အုပ်စုအပေါ်ကို တိန့်ရှောက်ပင်တို့အုပ်စုက အပေါ်စီးရသွားပြီဆိုတာ ပြလိုက်တာပါပဲ။ ဒီလို အုပ်စုဂိုဏ်းဂဏ အောင်ပွဲအပြင် တကယ့်ပေါ်လစီအပြောင်းအလဲ ဒါမှမဟုတ် ပေါ်လစီထိန်းညှိမှုတွေ ဖြစ်ခဲ့တာဟာ ဆိုဗီယက်ယူနီယံပြိုကွဲမှုကြောင့်လို့ ဆိုရပါလိမ့်မယ်။ အဲဒီအထဲက တချို့ကို ပြောရမယ်ဆိုရင် ဆိုဗီယက်ပုံစံဖြစ်တဲ့ လူမျိုးပေါင်းစုံ နိုင်ငံတည်ဆောက်ရေး (ဆိုဗီယက်ပြည်ထောင်စုစနစ်) ဆိုတာကို “မတူညီကွဲပြားမှုတွေရှိတဲ့ တပြည်ထောင်အမျိုးသားနိုင်ငံ” (one nation with diversity) ပေါ်လစီနဲ့ အစားထိုးတာပါ။***

ဒါ့အပြင် နောက်ထပ်အစားထိုးချက်တခုက တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ တရားဝင် အသိအမှတ်ပြုခံရမှုကို ခိုင်မာစေဖို့ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ပညာပေးလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ “အနောက်ကို အပြစ်တင်” တဲ့ အုပ်စုရဲ့ဝေဖန်သံတွေ တိတ်ဆိတ်သွားစေခဲ့တာက လူမှုဖူလုံရေးပေါ်လစီတွေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်။ ပင်စင်လစာတွေ၊ အနိမ့်ဆုံး လူနေမှုဘဝအာမခံချက်တွေ၊ “ဆိုရှယ်လစ် ကျေးလက်ဒေသသစ်” စနစ်ဖော်ဆောင်တာတွေ၊ ကျန်းမာရေး အာမခံစနစ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်အောင် ဆောင်ရွက်မှု စတာတွေအားလုံးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဆိုရှယ်လစ် ကြွေးကြော်ချက်တွေကို အနောက်အရင်းရှင်စနစ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်အားဖြည့်ထားချက်တွေပဲ ဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီက ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုကို တုံ့ပြန်ပုံနဲ့ ဒီသင်ခန်းစာတွေကို သူတို့ ဘယ်လိုခံယူသလဲ ဆိုတာကို နားလည်အောင် ကြိုးစားကြည့်တဲ့အခါ တွေ့ရှိရတာက၊ တရုတ်ကွန်မြူနစ်တွေအနေနဲ့ ပေါ်လစီချမှတ်တဲ့ရာမှာ ပြင်လွယ် ပြောင်းလွယ်ရှိတဲ့ ပုံစံကတဆင့် စဉ်ဆက်မပြတ် သင်ယူလေ့လာတဲ့ ဖြစ်စဉ်ကနေ ပြဿနာတွေကို အဖြေရှာဟန်တူပါတယ်။ တရုတ်ပြည်ရဲ့ အရေးအကြီးဆုံး သင်ခန်းစာကတော့ မာ့က်စ်လီနင်ဝါဒ၊ ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ ရှေးရိုးစွဲကွန်မြူနစ်ဝါဒတို့အပေါ် လူအတော်တော်များများက အယုံအကြည်ကင်းမဲ့လာတဲ့ ခုလို အချိန်မှာ လိုက်လျောညီထွေရှိတဲ့ အာဏာပိုင်အုပ်ချုပ်နည်းစနစ် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရှာဖွေတာပါပဲတဲ့။

အထက်ပါ သဘောထားအမြင်တွေက National Interest စင်တာရဲ့ တရုတ်နဲ့ ပစိဖိတ်ရေးရာ သုတေသနဌာန တွဲဖက်ညွှန်ကြားရေးမှူး A.Greer Meisels ရဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တရုတ်ပြည်ကို ဒီလို ပြိုကွဲမသွားအောင် ချက်ချင်းအားဖြင့် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာ ကောင်းကောင်းသင်ခန်းစာရသွားဖွယ်ရှိတာက ဆိုဗီယက် အတွေ့အကြုံထက် မြန်မာအတွေ့အကြုံဖြစ်ဖို့ ပိုများတယ်ဆိုတဲ့ ကျနော့်ထင်မြင်ချက်ကို ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုဗီယက်ယူနီယံပြိုကွဲတာက ၁၉၉၁ ခုနှစ်ပါ။ တရုတ်ပြည်မှာ အဲဒီလို တပြည်လုံးနီးပါး လူထုအုံကြွမှုဖြစ်ခဲ့တာက ၁၉၈၉ ခုနှစ်ကပါ။ ဒါကြောင့် တရုတ်ပြည်ရဲ့ ၁၉၈၉ ခုနှစ် လူထုအုံကြွမှုဟာ ဆိုဗီယက်ယူနီယံမှာ ဖြစ်တာထက် ၂ နှစ်ကျော် စောပါတယ်။

တရုတ်ပြည်ထက် ၁ နှစ်လောက်စောတဲ့ လူထုအုံကြွမှုကတော့ မြန်မာပြည်က ရှစ်လေးလုံး လူထုအုံကြွမှုကြီးပဲ ဖြစ်ပါတယ်။ အဲဒီရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ် ပြိုကျသွားပါတယ်။ တပ်မတော်က အုံကြွခဲ့တဲ့လူထုကို အကြမ်းဖက် နှိမ်နင်းခဲ့ပေမယ့် မြန်မာ့ဆိုရှယ်လစ် တပါတီစနစ်ကိုရော၊ အုပ်ချုပ်ခဲ့တဲ့ အစိုးရကိုပါ မကယ်တင်နိုင်ခဲ့တော့ပါ။

၁၉၈၉ ခုနှစ်ကျတော့ တရုတ်ပြည်မှာ တရုတ်ကျောင်းသားတွေ ခေါင်းဆောင်တဲ့ လူထုအုံကြွမှုကြီးတခု တိန်အန်မင်းရင်ပြင်မှာ ဖြစ်ပွားခဲ့တယ်။ ဒီလူထုအုံကြွမှုဟာ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ဇွန်လ ၄ ရက်နေ့အထိ တလ၊ နှစ်ပတ်နဲ့ ခြောက်ရက်တိတိ ကြာမြင့်ခဲ့တယ်။ ဒီလှုပ်ရှားမှုကို တချို့က “၈၉ ဒီမိုကရေစီအရေးလှုပ်ရှားမှု” လို့လည်း ခေါ်ကြပါတယ်။ လှုပ်ရှားမှု အမြင့်မားဆုံးအချိန် ဒီရင်ပြင်မှာ စုစည်းမိကြတဲ့ ပြည်သူလူထုအရေအတွက်ဟာ တသန်းကျော်လောက် ရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ အချက်အချာနေရာက ပီကင်းမြို့တော်မှာ ဖြစ်ပေမယ့် တရုတ်တပြည်လုံးမှာ ဆန္ဒပြပွဲဖြစ်ခဲ့တာ မြို့ပေါင်း ၄၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီလှုပ်ရှားမှုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ပါတီထိပ်တန်းခေါင်းဆောင်တွေအတွင်း အကြီးအကျယ် သဘောထား ကွဲလာကြပါတယ်။ တိန့်ရှောက်ပင်း၊ လီဖုန်းနဲ့ ယန်စန်းခွန်း စတဲ့ ခေါင်းဆောင်တွေက သဘောထား တင်းမာကြပြီး ကျောက်ကျိယန်၊ ဟူချိလိနဲ့ ယန်မင်းဖူ စတဲ့ ခေါင်းဆောင်တွေက သဘောထားပျော့ပျောင်းကြတယ်။

အဲဒီတုန်းက ထိပ်ဆုံးခေါင်းဆောင် တိန့်ရှောက်ပင်အနေနဲ့ ဒါဟာ နိုင်ငံရေးအရ ခြိမ်းခြောက်မှုတရပ်လို့ သတ်မှတ်ပြီး အင်အားသုံး နှိမ်နင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့မှာ မာရှယ်လော ထုတ်ပြန်ကြေညာပြီး စစ်ဒေသကြီး ၇ ခုမှ တပ်မ ၃၀ ရှိ  လက်နက်ကိုင်တပ်အင်အား ၂ သိန်းခွဲကို စုစည်းကာ ပီကင်းကို စေလွှတ်ခဲ့ရတယ်။

ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ တိန်အန်းမင် ရင်ပြင်ထဲကို PLA တပ်သားတွေက တင့်ကားတွေနဲ့အတူ အရပ်မျက်နှာ အသီးသီးက ဝင်ရောက်လာပြီး ဆန္ဒပြလူအုပ်ကြီးကို ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုအတွင်းမှာ စုစုပေါင်း သေဆုံးသူ ၂၄၁ ယောက်ရှိတဲ့အနက် ကျောင်းသား ၃၆ ယောက်၊ PLA တပ်မတော်သား ၁၀ ယောက်၊ ပြည်သူ့ရဲ ၁၃ ယောက်နဲ့ ဒဏ်ရာရသူ စုစုပေါင်း ၇၀၀၀ လောက်ရှိတယ်လို့ တရုတ်အစိုးရ တရားဝင် ထုတ်ပြန်ချက်က ဆိုပါတယ်။

အခြေအနေကို ပုံမှန်ထိန်သိမ်းနိုင်ပြီးတဲ့နောက်မှာ ပါတီအထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ကျောက်ကျိယန်ကို ပေါလစ်ဗျူရိုကနေ ထုတ်ပယ်လိုက်ပါတယ်။ အခြားထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ဟူချိလိ၊ ဝမ်လိ၊ ချောက်စစ် စတဲ့သူတွေလည်း အရေးယူခြင်း ခံကြရတယ်။

တိန်အန်းမင်ရင်ပြင်မှာ စခဲ့၊ ဆုံးခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးနဲ့ ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့မှာ တိန်ရှောက်ဖင်က ဒီလို ပြောခဲ့ပါတယ်။ “သူတို့ရဲ့ရည်ရွယ်ချက်က အနောက်တိုင်းကို လုံးဝမှီခိုတဲ့ အရင်းရှင်သမ္မတနိုင်ငံ တည်ထောင်ဖို့ပဲ။  အကျင့်ပျက် ခြစားမှုတွေအကြောင်း သူတို့ ပြောနေတာက ဆိုရှယ်လစ်စနစ်ကို အစားထိုးဖို့ဆိုတဲ့ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားချင်လို့။ နယ်ချဲ့အနောက်တိုင်းတခုလုံးက ဆိုရှယ်လစ်နိုင်ငံတွေအားလုံး ဆိုရှယ်လစ်လမ်းစဉ်ကို စွန့်လွှတ်အောင် စီမံကိန်းချလုပ်နေကြတာ။ နောက်ပြီးရင် နိုင်ငံတကာအရင်းအနှီးရဲ့ လက်ဝါးကြီးအုပ်မှုအောက် ဆွဲသွင်းပြီး အရင်းရှင်လမ်းကြောင်းပေါ် ဆွဲခေါ်ကြလိမ့်မယ်။  ဒီလှုပ်ရှားမှုကြီးရဲ့ ရည်မှန်းချက်က ပါတီနဲ့ နိုင်ငံတော်ကို မှောက်လှန်ပစ်ဖို့ပဲ” လို့ ဆိုလိုက်ပါတယ်။

ဒီအချက်အလက်တွေကို ထောက်ကြည့်လိုက်တော့ ဆိုဗီယက်ယူနီယံပြိုကွဲမှုကနေ တရုတ်ပြည်အနေနဲ့ သင်ခန်းစာတွေ အများအပြားရခဲ့သလို မြန်မာပြည်မှာ အရင်ပေါ်ပေါက်ခဲ့တဲ့ လူထုအုံကြွမှုကြီးကနေလည်း ကောင်းကောင်းကြီး သင်ခန်းစာရခဲ့တယ်လို့ ယူဆမိကြောင်း တင်ပြလိုက်ရပါတယ်။

***(တရုတ်ပြည်တွင် ကျင့်သုံးသည့် တိုင်းရင်းသားရေးရာ ပေါ်လစီမှာ တန်းတူရေး၊ သွေးစည်းရေး ဆိုသည့် မူအပေါ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးသည့်စနစ် ဖြစ်သော်လည်း အမှန်တကယ် အာဏာကို ကိုင်စွဲထားသူမှာ တရုတ်ကွန်မြူနစ်ပါတီသာ ဖြစ်ပါသည်။ အဆိုပါ ပေါ်လစီကို ၁၉၉၁ ခုနှစ်နောက်ပိုင်းကျမှသာ အစားထိုးကျင့်သုံးခြင်း မဟုတ်ဘဲ ၁၉၄၉ ခုနှစ် တရုတ်ပြည် လွတ်မြောက်ပြီးကတည်းက ကျင့်သုံးခြင်း ဖြစ်ပါသည်။ သို့သော် အင်္ဂလိပ်ထံမှ ၁၉၉၇ ခုနှစ်တွင် ပြန်လည်လွှဲပြောင်းယူခဲ့သည့် ဟောင်ကောင်ကျွန်း၊ ပေါ်တူဂီထံမှ ၁၉၉၉ ခုနှစ်တွင် ပြန်လည်လွှဲပြောင်းယူခဲ့သည့် မကာအို (Macau) နှင့် သီးခြားဖြစ်နေသေးသည့် ထိုင်ဝမ် စသည်တို့နှင့် ပတ်သက်၍မူကား “တနိုင်ငံ-စနစ်နှစ်မျိုး” ပေါ်လစီကျင့်သုံးပါသည်။ ထိုပေါ်လစီသည်ပင်လျှင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်မှ ရလာသည့် အိုင်ဒီယာမဟုတ်ဘဲ ၁၉၅၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိဘက်ဒေသ ငြိမ်းချမ်းစွာ လွတ်မြောက်ရေး သဘောတူညီချက် ၁၇ ချက်ပေါ်တွင် အခြေပြုထားသည့် အိုင်ဒီယာဖြစ်ကြောင်း ထိုစဉ်က သမ္မတ ကျန်းဇီမင်းက ၂၀၀၈ ခုနှစ်က ပြောခဲ့ပါသည်။)

ရဲထွန်း(သီပေါ)

စာကိုး : A.Greer Meisels ရေးသားသော What China learned from the Soviet Union’s fall

     : Wikipedia အွန်လိုင်းစွယ်စုံကျမ်း။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013