DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များကို စာနာပြီး တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းရန် ယူအန်အက်ဖ်စီ တိုက်တွန်း
DVB
·
December 30, 2016
ဒုက္ခသည်များကို စာနာပြီး တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းရန် ယူအန်အက်ဖ်စီ တိုက်တွန်း
Donate to DVB

ပြည်တွင်းပြည်ပရှိ စစ်ပြေးဒုက္ခသည်တွေကိုစာနာပြီး နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ဇွဲရှိရှိနဲ့ အစွမ်းကုန် ကြိုးပမ်းကြဖို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဒုဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပတဲ့ ယူအန်အက်ဖ်စီနဲ့ အဖွဲ့အစည်း ၄၀ ခန့် ဆွေးနွေးပွဲအပြီးမှာ နိုင်ဟံသာက တိုက်တွန်းပြောသွားတာဖြစ်ပါတယ်။
“ကျနော်တို့နိုင်ငံပြင်ပမှာ ဒုက္ခသည်စခန်းမှာလည်း သိန်းချီရှိနေတယ်။ ပြည်တွင်းမှာလည်း ဒုက္ခသည်တွေ သိန်းချီရှိနေတယ်။ သူတို့ အနေအထားကိုလည်း စဉ်းစားပြီးတော့ ညှာတာပြီးတော့မှ ကျနော်တို့နိုင်ငံ အမြန်အေးချမ်းဖို့ တိုးတက်ဖို့ ကောင်းမွန်ဖို့ အဲဒီကိစ္စကို ကျနော်တို့ အားလုံး ဇွဲရှိရှိနဲ့ အစွမ်းကုန် ကြိုးပမ်းကြပါစို့။”

အစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု အဖွဲ့ ယူအန်အက်ဖ်စီက ကြီးမှူးပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ အရပ်ဖက် အဖွဲ့အစည်းတွေ၊ အပစ်ရပ်လက်မှတ်ထိုးထားတဲ့တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ အပါအ၀င် လူပုဂ္ဂိုလ် ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းလည်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး အရပ်ဘက်စစ်ဘက် အားပြိုင်မှု အခြေအနေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ ပြောပါတယ်။

“အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ဒီအချိန်မှာ တဘက်နဲ့တဘက် အားပြိုင်နေတဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးပေါ့။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးနဲ့တွဲပြီး ပြောနေကြ ပေမယ့် တကယ့်တကယ် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုတာ ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးမယ်။ သို့သော်ငြားလည်း လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအဆင့်ထိ ဆွေးနွေးမလားဆိုတဲ့ အချက်က လည်း အငြင်းပွားစရာ ရှိနေသေးတယ်။”

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တို့အတူ တွဲသွားမှပဲ အဆင်ပြေမယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။
ဆွေးနွေးပွဲတက်လာတဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ ဦးစီးကော်မတီဝင် ဦးသိန်းသန်းဦး ကတော့ တရားဥပဒေစိုးမိုးမှုရှိမှပဲ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ သုံးသပ်ပါတယ်။

“ငြိမ်းချမ်းရေးဆိုတာ ပြည်သူပြည်သား အားလုံးနဲ့ ဆိုင်တယ်။ အစိုးရရယ် တပ်မတော်ရယ် လက်နက်ကိုင်တဲ့သူတွေတင် မကဘူး။ ပြည်သူ တရပ်လုံးနဲ့ ဆိုင်တယ်။ ကျနော်တို့ အနာဂတ်နဲ့ ပတ်သက်တော့ ငြိမ်းချမ်းရေး အောင်မြင်ရာအောင်မြင်ကြောင်းကို ကျနော်တို့ တတ်နိုင်သမျှ ပါဝင် ကြိုးပမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကိုလာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မမှိတ်မသုန်သွားတဲ့အခါ အဓိက အကျဆုံးအချက်က တရားဥပဒေစိုးမိုးရေးပဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ ငြိမ်းချမ်းရေးလည်း မရဘူး။ ဒီမိုကရေစီလည်း မရနိုင်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း မဖြစ်နိုင်ဘူး။”

ဒီဇင်ဘာ ၂၇ ရက်က ၂၉ ရက်ထိ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအတွင်း အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေရဲ့ သဘောထားအမြင် အကြံပြုချက်အသီးသီးကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေးနည်းနာ ရှာဖွေခဲ့ကြတာလည်း ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေချိန်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးနည်းနာ ဆွေးနွေးပွဲ တခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013