
အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေးဆွေးနွေးပွဲ ပျက်ပြားအပြီးမှာ “ဒီလိုမျိုး ဆက်လုပ်လို့ မရဘူးဆိုတာ ကနေဒါကို သင်ပြပေးရမဲ့အချိန် ရောက်ပြီ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
“ကျုပ်တို့က တော်တော်ကောင်းတဲ့ သဘောတူညီချက်တရပ် ကမ်းလှမ်းထားခဲ့တာပါ” လို့ ထရမ့်ပ်က ရေဒီယိုအစီအစဉ်တင်ဆက်သူ ဂလန်း ဘက်ခ်နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ကနေဒါဆီက အမေရိကန် မဖြစ်မနေလိုအပ်တဲ့ပစ္စည်း မရှိသလောက်ဘဲလို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။
“နည်းနည်း အဆင်မပြေတာတော့ ရှိနိုင်ပေမဲ့ အဲဒီပစ္စည်းတွေကို တခြားနေရာက ရနိုင်ပါတယ်” လို့လည်း ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်က ဆွေးနွေးပွဲပျက်ပြီးနောက် ဩဂုတ် ၂၂ ရက်မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရှိတဲ့ ကနေဒါသွင်းကုန်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း အသစ်ချမှတ်ခဲ့ပါတယ်။
ကနေဒါကလည်း ဩဂုတ် ၂၅ ရက်မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံလောက်ရှိတဲ့ အမေရိကန်သွင်းကုန်တွေအပေါ် တန်ဖိုးတူ လက်တုံ့ပြန်အခွန်တွေ ချမှတ်ခဲ့ပြီး စက်တင်ဘာ ၈ ရက် မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က ကနေဒါကထုတ်လုပ်တဲ့ ကားနဲ့ ကားအစိတ်အပိုင်းတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ချမှတ်မယ်လို့ ကြေညာထားပြီး ၂၀၂၇ ဇန်နဝါရီ ၁ ရက်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်နဲ့ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တို့နဲ့ ထိစပ်နေတဲ့ အွန်တာရီယို ရေအိုင်ကြီးကိုလည်း အမေရိကရေအိုင်ကြီးလို့ နာမည်ပြောင်းဖို့ စဉ်းစားနေတယ်လို့ ထရမ့်ပ်က သီးခြားမှတ်ချက်ပေးထားပါတယ်။
ထရမ့်ပ်ဟာ မနှစ်ကလည်း မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့လို့ နာမည်ပြောင်းခဲ့ ပါသေးတယ်။
Source:Reuters











