
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ ကံခါ စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျမှုမှာ ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေလို လူ ၅၀ လောက် မြေကြီးထဲမြုပ်နေတာမဟုတ်ဘဲ စာရင်းရရှိထားတဲ့ သေဆုံးသူ ၂ ဦးသာရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးရှိတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးက ဒီကနေ့ သတင်းစာရှင်းလင်း ပြောကြားလိုက်ပါတယ်။
မြေစာပုံပြိုကျမှုဖြစ်စဉ်၊ ကယ်ဆယ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အုပ်ချုပ်ရေးရုံးမှာ သက်ဆိုင်ရာ ကျောက်မျက်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့ သင်္ခါလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့ မြို့နယ်မှူးနဲ့ ကျနော်တို့အတူတူ မြေပြိုတဲ့နေရာအတူသွားစစ်ကြပြီးတော့မှ လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းပွဲလုပ်တာပါ။ ပျောက်နေတယ်လို့ အမည်စာရင်းရတာ ၂ ဦးပဲရှိတယ်။ သူတို့မြေကြီးအောက်ရောက်သွားတာ တညနဲ့ တနေ့ဆိုတော့ သေဆုံးပြီလို့ပဲ သတ်မှတ်တယ်။ ကျန်တဲ့ဒဏ်ရာရတာက ၁၁ ယောက်၊ ၃ ယောက်က ဆေးရုံမှာ၊ မြေကြီးအောက်မှာ နောက်ထပ်ရှိသေးလား မရှိသေးဘူးလားတော့ မသိဘူး။ နောက်ထပ် လူပျောက်စာရင်း လာတိုင်တဲ့ပေါ် မူတည်တာပေါ့၊ ရှာဖွေရေးလည်း ဆက်လုပ်ဦးမှာပါ။”
သတင်းစာရှင်းပွဲမှာ နောက်နောင် အန္တရာယ်ကင်းအောင် သတိထားလုပ်ကိုင်ဆောင်ရွက်ဖို့ လည်း ပြောဆိုခဲ့ကြကြောင်း၊ မြေစာဆက်ပြီးသွန်ရေး မသွန်ရေးမှာတော့ အဓိကတာဝန်ရှိသူတွေမှာ ကျောက်မျက်ကုမ္ပဏီတွေပဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၂၈ နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စု၊ မမုံကျေးရွာအပိုင်၊ ဆွတ်အောင်ကျေးရွာနဲ့ မက်လက်ချောင်ကျေးရွာအနီး ဥရုချောင်း အနောက်ဘက်က မ်း က ကံခါစုပေါင်းစွန့်ပစ်မြေစာပုံ ပြိုကျခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့်အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကလည်း “တကယ်တမ်းပျောက်ဆုံးနေတာ ၂ ယောက်ပဲ။ လာပြီး စာရင်းပေး ထားတာ၊ ဦးချစ်ကို ၃၇ နှစ် နဲ့ ဦးမောင်ရွှေ ၄၅ နှစ်။ ဒဏ်ရာရတာကတော့ အားလုံး ၁၁ ယောက်ရှိတယ်။ ဖားကန့်ဆေးရုံမှာ ၃ ယောက်၊ ကျန်တဲ့လူတွေက ဒဏ်ရာမပြင်းထန်တော့ အိမ်မှာပဲ ကုကြတာပေါ့။ ဖြစ်တဲ့အချိန် အဲဒီမှာရှိနေတာက မြန်မာတကောင်းကုမ္ပဏီ၊ အဲဒီကုမ္ပဏီက ကြီးကြပ်ရေးမှူးနဲ့လည်း ကျနော်တို့ တွေ့ခဲ့တယ်။ ဖြစ်တဲ့အချိန်က နေ့ဆိုင်းနဲ့ ညဆိုင်းဂျူတီချိန်းချိန်ပေါ့၊ အဲဒီမှာ ကားတစီးပါ ကျသွားတယ်။ ပထမတော့ မြေစာကဖုံးသွားတယ်။ နောက်တော့ ပြန်ပေါ်လာပြီး ကားသမားနဲ့ ဒရိုင်ဘာလည်း ပြန်လွတ်လာတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် အမြင့်ပေ ၂၀၀ လောက်ရှိတဲ့ မြေစာပုံကြီးဟာ အက်ကြောင်းတွေထနေပြီး ဆက်ပြိုဦးမယ့် အနေအထားရှိနေတာကြောင့် ပျောက်ဆုံးသူ ၂ ဦးကို ပြန်ဖော်ဖို့ အခက်အခဲရှိနေကြောင်း၊ သူတို့ကိုပြန်ဖော်ရင်းနဲ့ ထပ်ပြိုလာရင် နောက်ထပ်အန္တရာယ်ကြုံရမယ့် အနေ အထား ရောက်နေတယ်လို့ သူကပြောသွားပါတယ်။











