ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိတဲ့အတွက် ဒေသခံများ ကျန်းမာရေးအခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုနှစ် ဖေဖော်ဝါရီလအတွင်းက ဆရာဝန်ပြောင်းသွားပြီးနောက်ပိုင်း အခက်အခဲများ ဖြစ်နေပြီး ကျောက်ကြီးမြို့နယ်ဆေးရုံမှ ဆရာဝန်မတွေ အလှည့်ကျလာရောက်ပေမယ့် အမြဲတမ်းဆရာဝန် မရှိတဲ့အတွက် အခက်အခဲများ ဖြစ်ပေါ်နေပါတယ်။ အချိန်မီ ကုသရမယ့် ရောဂါသည်တွေကို တခြားဝေးလံတဲ့ဆေးရုံတွေကို ပြောင်းရွှေ့ကုသရတဲ့အတွက် အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံး တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
“အမြဲတမ်းဆရာဝန် မရှိတာတော့ ကြာပြီပေါ့နော်။ နေ့တော့ မမှတ်မိတော့ဘူး။ ၂ လပိုင်းလောက်က ဆရာဝန် ပြောင်းသွားတာပဲ။ ဒါပေမယ့် ကျောက်ကြီးမြို့ ဆေးရုံက ဆရာဝန်တွေတော့ လာထိုင်ပေးတာပေါ့။ ဒါပေမယ့် အဆင်မပြေဘူးလေ။ အခု ကျမတို့ဆီမှာ အထက်တန်းသူနာပြု ၁ ယောက်နဲ့ တခြားဝန်ထမ်း ၇ ဦး၊ စုစုပေါင်းဝန်ထမ်း ၈ ဦးပေါ့။ ဆရာဝန်မရှိတော့ လူနာလာရင် ကျမတို့ လုပ်ပေးလို့ ရတာလေး လုပ်ပေးပြီး တခြားဆေးရုံကို လွှတ်ရတာပေါ့။ အဲဒီအတွက် ကျမတို့မှာလည်း အဆင်မပြေဘူး။ ဆရာဝန်တော့ ကျေနပြီ ကြားတယ်။ ဘယ်သူ ကျတယ်၊ ဘယ်နေ့ ရောက်မယ်ဆိုတာတော့ ကျမတို့ မသိရဘူး" လို့ ဆေးရုံဝန်ထမ်းတဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက လွှတ်တော်ကို တင်ပြကြောင်းနဲ့ ဆရာဝန် ချထားပေးတယ်ဆိုတာ သိရပေမယ့် တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးတော့ မရှိသေးဘူးလို့ ပြောပါတယ်။
မုန်းတိုက်နယ်ဆေးရုံမှာ ယခုလက်ရှိ အထက်တန်းသူနာပြု ၁ ဦး၊ တခြားဝန်ထမ်း ၇ ဦး၊ စုစုပေါင်းဝန်ထမ်း ၈ ဦး တာဝန်ထမ်းဆောင်နေပြီး ဆေးရုံကို လူနာလာရောက်တာတွေ ရှိနေပေမယ့် တခြားဝေးလံတဲ ဖြူးဆေးရုံ၊ ကျောက်ကြီးဆေးရုံ၊ တောင်ငူဆေးရုံများကိုသာ လွှဲပြောင်း ကုသနေရတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)











