DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့နယ်တွင် ဆရာတော် ၁ ပါး ဓားဒဏ်ရာများဖြင့် ပျံလွန်
DVB
·
December 28, 2016
သာယာဝတီမြို့နယ်တွင် ဆရာတော် ၁ ပါး ဓားဒဏ်ရာများဖြင့် ပျံလွန်
1 / 2
Donate to DVB

ပဲခူးတိုင်း သာယာဝတီမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လှည်းလမ်းကျေးရွာ အမှတ် (၁၀၀၁) လေကြောင်း အရံတပ်အဝင်လမ်းဘေး လျှိုမြောင်းအတွင်း ဘုန်းတော်ကြီးတပါးကို ဓားဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို ဒီကနေ့ မနက်က တွေ့ရှိကြောင်း သာယာဝတီ မြို့မရဲစခန်းမှ ဒုရဲမှူး ဦးလှသိန်းက ပြောပါတယ်။

“ကျနော်တို့တွေတော့ ဆရာတော်အလောင်းက တောင့်နေပြီး ကြည့်ရတာ ညဦးပိုင်းလောက် ကတည်းက အသတ်ခံထားရပုံပဲ။ ဆရာတော်ကျောင်းရှေ့ အဝင်လမ်းမှာ အလှူခံမဏ္ဍပ်ရှိပါတယ်။ အဲဒီအပေါ်မှာ အသတ်ခံရတာထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာမှာလည်း သွေးကွက် တွေ့ပါတယ်။ ဒါနဲ့ သွေးစီးကြောင်းအတိုင်း လိုက်သွားကြည့်တော့ မဏ္ဍပ်နဲ့ ပေ ၃၀ ကျော်အကွာမှာ အရိုးအသွား ၂၁ လက်မအရှည်ရှိတဲ့ ဝါးခုတ်ဓားမတချောင်းရယ်၊ ယောကျာ်းလေးတွေဝတ်တဲ့ ဖန်စီ နားကပ်အသေး တဖက်ရယ်တွေ့ပါတယ်။ ဒါနဲ့သွေးစီးချောင်းအတိုင်း ဆက်လိုက်သွားတော့ ပေ ၃၀၀ အကျော်လျှိုမြောင်းထဲမှာ ဆရာတော်ရဲ့ အလောင်းကို ဓားဒဏ်ရာတွေနဲ့ သေနေတာကိုတွေ့တယ်”  လို့ လှည်းလမ်းကူးကျေးရွာ အုပ်ချူပ်ရေးမှူး ဦးကျော်စွာက ဒီဗွီဘီကိုပြောပါတယ်။

အသတ်ခံရတဲ့ ဆရာတော်မှာ လှည်းလမ်းကူးကျေးရွာ သရက်တပင်တောရ ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးအိန္ဒကဖြစ်ပြီး သက်တော် ၄၀ နှစ်ဝါတော် ၂၀ နှစ် ဖြစ်ပါတယ်။

ဆရာတော်ပျံလွန်ချိန်မှာ ဆရာတော်ရဲ့ ဦးခေါင်းငယ်ထိပ်ဝဲဘက်ခြမ်းမှာ ပြတ်ရှဒဏ်ရာ ၂ ချက်၊ ဝဲနားထင်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဂျိုစောင်းပြတ်ရှဒဏ်ရာ ၂ ချက်၊ ယာဂျိုစောင်းပြတ်ရှဒဏ်ရာ ၃ ချက်၊ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ ၂ ချက်၊ လည်းပင်းပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ယာပုခုံးပြတ်ရှဒဏ်ရာ ၁ ချက်စုစုပေါင်းဒဏ်ရာ ၁၂ ချက်နဲ့ သေဆုံးနေတာဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

ဆရာတော်ရဲ့ အလောင်းကို သာယာဝတီဆေးရုံသို့ ပို့ဆောင်ထားပြီး သာယာဝတီမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားပါတယ်။

ပေးပို့ - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013