
နောင်နှစ်ခါ ကရင်နှစ်သစ်ကူးနေ့မှာ ငြိမ်းချမ်းရေးကောက်သစ်စားပွဲကြီးကို ပြည်ထောင်စု တ၀န်းဆင်နွှဲနိုင်စေဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းလိုက်ပါ တယ်။
ပြာသိုလဆန်း ၁ ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ သ၀ဏ်လွှာမှာ အခုလို ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။
“နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရစဉ်ကစပြီး လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီး မကြာခင် ကာလမှာ ငြိမ်းစေရမယ်ဆိုတဲ့ မျှော်လင့်ချက် ရှင်သန်ရုံသာမက အကောင်အထည်ပေါ်လာဖို့အတွက် ဇွဲ၊ လုံ့လ ၀ီရိယတို့နဲ့ ကျမတို့ တိုင်းရင်းသားများအားလုံးအကြား အပြန်အလှန် နားလည်မှု ယုံကြည်လေးစားမှုတွေ ပြုစုပျိုးထောင်ကြပါစို့ ယခုနှစ် စိုက်လိုက်တဲ့ ငြိမ်းချမ်းရေးပျိုးပင်လေးတွေဟာ နောင်နှစ်မှာ ငြိမ်းချမ်းရေးကောက်သစ်စားပွဲကြီးကို ပြည်ထောင်စုတ၀န်း ဆင်နွှဲနိုင်ကြပါစေလို့ ကရင်အမျိုးသားနှစ်သစ်ကူး အထူးမင်္ဂလာ ဆုတောင်း ပို့သလိုက်ပါတယ်”
ကရင်တိုင်းရင်းသားတွေဟာ ရှေးယခင်ကတည်းက ကောက်သစ်ပေါ်ချိန်မှာ မိသားစု အတူတကွ ကောက်သစ်စားပွဲတွေ ကျင်းပခဲ့ရာက ကရင်အမျိုးသားနှစ်သစ်ကူးပွဲ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာအနှံ့ရှိ ကရင်အမျိုးသားတွေက နှစ်သစ်ကူးနေ့အခမ်းအနားတွေ ကျင်းပကြပါတယ်။
ရန်ကုန် အနောက်ပိုင်းခရိုင်လေးမြို့နယ်ထဲက ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ တွံတေး လေးမြို့နယ်ပူးပေါင်းစီစဉ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ် ကော့မှုးမြို့နယ် ဝါးသင်္ခ အလယ်ရွာမှာ ဒီနေ့ညနေကစပြီး ၃၀ ရက်နေ့ထိ ၃ ရက်တာထိကျင်းပဖို့ရှိပါတယ်။
ဒီကနေ့ ညနေမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ကရင်ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့လာပြီး အခမ်းအနားဖွင့်လှစ်ဖို့ရှိပြီး ပျော်ပွဲရွှင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ ဒုံးယိမ်းပြိုင်ပွဲ နဲ့ လက်ဝှေ့ပွဲတွေလည်း ကျင်းပမှာဖြစ်ပါတယ်။











