ကေအိုင်အေ လိုင်ဖောင်စခန်းကို လေကြောင်းနှင့် တင့်ကားများသုံး၍ တပ်မတော်သိမ်းပိုက်
DVB
·
December 28, 2016

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကေအိုင်အေတပ်ဖွဲ့ အခိုင်အမာ တပ်စွဲထားတဲ့ လိုင်ဖောင်စခန်းနဲ့ ပတ်ဝန်းကျင်စခန်းငယ်တွေကို လေယာဉ်၊ တင့်ကားနဲ့ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက် မနက်က စတင်ပြီး တပ်မတော်စစ်ကြောင်းတွေက လေကြောင်းနဲ့ ခြေလျင်၊ အမြောက်၊ တင့်ကား၊ လက်နက်ကြီးပစ်ကူတွေယူပြီး တိုက်ခိုက်ခဲ့ရာမှာ ညနေ ၃ နာရီခွဲမှာ ပထမဆုံးစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ညနေ ၅ နာရီကျော်မှာ အဓိကခံစစ်ကုန်းနဲ့ စခန်းငယ် ၆ ခုတို့ကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ကလည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အေ အခိုင်အမာ တပ်စွဲထားတဲ့ ဂီဒုန်စခန်းကို သိမ်းယူပြီးနောက် လိုင်ဖောင်စခန်းကို ဒီဇင်ဘာ ၂၁ ရက်က စတင်တိုက်ခိုက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
လိုင်ဖောင်စခန်းဟာ ဂီဒုန်စခန်းနဲ့အပြိုင် နန့်တဘက်ချောင်းရဲ့ တဘက်တချက်စီမှာ တပ်စွဲအခြေပြုထားတဲ့ ကေအိုင်အေရဲ့ စခန်းကြီးတခု ဖြစ်ပါတယ်။
တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။