DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများကို လစဉ်ထောက်ပံ့ကြေးပေးမည်
DVB
·
December 28, 2016
ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများကို လစဉ်ထောက်ပံ့ကြေးပေးမည်
Donate to DVB

ချင်းပြည်နယ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးဖွားတဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေကို ၂ နှစ် စီမံကိန်းနဲ့ လာမယ့်နှစ်ကစပြီး လစဉ်ထောက်ပံ့ကြေးငွေ ပေးအပ်သွားဖို့ ရှိနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သိရပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်ကို ချင်းပြည်နယ်တွင် ကနဦး စီမံချက်အနေဖြင့် ၂၀၁၇ ခုနှစ်မှာ စတင်ဆောင်ရွက်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးမှုဝါဒကိုလည်း ရေးဆွဲချမှတ်နိုင်ရေးအတွက် ယူနီဆက်ဖ်နှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဲဒီလို ထောက်ပံ့ပေးနိုင်ဖို့အတွက် ဥပရောပနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ အလှူရှင် ၁၄ နိုင်ငံ ပါဝင်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာရန်ပုံငွေအဖွဲ့က ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ၂ နှစ်စီမံကိန်းချမှတ်ကာ ကူညီထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

နောက်နှစ်တွေမှာ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ဆက်လက် ထောက်ပံ့ငွေကြေး ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းတွေထဲမှာ ချင်းပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ဖြစ်သလို သဘာဝဘေးဒဏ် အခံရဆုံးပြည်နယ်ဖြစ်တာကြောင့် ခုလိုရွေးချယ်ဆောင်ရွက်တာဖြစ်တယ်လို့   လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

“စစ်တမ်းတွေအရ ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုအများဆုံး ဖြစ်ပေါ်နေတယ်။ ပြီးတော့ သဘာဝဘေးအန္တရာယ်လည်း ကြုံတွေ့မှုအများဆုံးဖြစ်တယ်။ ကလေးသူငယ်အရပ်နဲ့ အလေးချိန် ရှိသင့်ရှိထိုက်တာလည်း မရှိဘူး။ ပုညှက် အရပ်ပုပြီး ခန္ဓာကိုယ်ပိန်သေးခြင်းတွေ အများဆုံးဖြစ်တဲ့အတွက် ချင်းပြည်နယ်ကို စပြီးလုပ်ဖို့ ရည်ရွယ်ခဲ့တာ။”

၂၀၁၇ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်တွေကို တလ ကျပ် ၁ သောင်း ၅ ထောင်နဲ့ အဲ့ဒီကိုယ်ဝန်ဆောင် မိခင်တွေက မွေးဖွားလာပြီး အသက် ၂ နှစ်အောက်ကလေးငယ်တွေအထိ ကျပ် ၁ သောင်း ၅ ထောင်ကို လစဉ် ထောက်ပံ့ကြေးပေးအပ်သွားဖို့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာစန်းစန်းအေးက ဆက်လက်ပြောဆိုပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေ အာဟာရပြည့်မီအောင် စားသုံးနိုင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွေမှာ အကူအညီ အထောက်အပံ့ ဖြစ်စေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013