
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ မိုးရာသီ ရောက်လာတာ နဲ့အမျှ ခြင်ကတဆင့် ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့နဲ့ ကြိုတင်ကာကွယ်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မေ ၁၄ ရက်မှာ ထပ်မံ သတိပေး လိုက်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကျား အကိုက်ခံရတာကနေ ကူးစက်တာဖြစ်ပြီး အသက် ၁၅ နှစ် အောက် ကလေးသူငယ်တွေမှာ ပိုဖြစ်တတ်သလို အသက်အန္တရာယ်ထိ စိုးရိမ်ရတာကြောင့် မိဘတွေ အနေနဲ့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ် ၁၁ ရပ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောဆိုထားတာပါ။
ဒါ့အပြင် အာရက္ခကျန်းမာရေးဌာန တာဝန်ရှိသူတွေကလည်း အိမ်တိုင်ရာရောက် ပိုးလောက်လန်း သေဆေး (Abate) ခတ်ပေးတာနဲ့ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကလေးငယ်တွေမှာ အဖျားကြီးတာ၊ အနီစက်ထွက်တာ၊ မှိန်းနေတာနဲ့ နှာခေါင်း၊ သွားဖုံး သွေးယိုတာမျိုးစတဲ့ သွေးလွန်တုပ်ကွေး သံသယလက္ခဏာတွေ တွေ့ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ကို အမြန်ဆုံး ပြသရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါခံစားနေရသူတွေအနေနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသွားဖို့ အခက်အခဲ ရှိနေရင် အဖျားကျစေဖို့ ပါရာစီတမော သောက်တာ၊ ရေပတ်တိုက်တာ၊ ဓာတ်ဆားရည်သောက်တာ နဲ့ ရေများများသောက်ပေးပြီး ရောဂါသက်သာအောင် ကုသပေးနိုင်ပေမဲ့ လက္ခဏာာပြင်းထန်ရင် ဆေးရုံဆေးခန်းအမြန်ဆုံးပြဖို့ ကျန်းမာရေးဝန်ထမ်းတယောက်က အကြံပြုပါတယ်။
ကေခိုင်










