DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးခွင့်ရရန် လုပ်ဆောင်မည်
DVB
·
December 28, 2016
ကြားဖြတ်ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးခွင့်ရရန် လုပ်ဆောင်မည်
Donate to DVB

လာမယ့် ၂၀၁၇ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံက မသန်စွမ်းသူတွေ အပြည့်အဝ မဲပေးခွင့်ရဖို့ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက မသန်စွမ်းသူတွေအနေနဲ့ မဲပေးခွင့် အခွင့်အရေး အပြည့်အဝ မရရှိခဲ့တာကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရအောင် ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီလို မသန်စွမ်းသူတွေ မဲပေးခွင့် အပြည့်အဝရရှိဖို့အတွက် မဲရုံမှူးတွေ သိရှိဖို့ မဲရုံလက်စွဲလမ်းညွှန်စာအုပ်တွေ ထုတ်ဝေဖို့ရှိသလို အများနဲ့တန်းတူ မဲပေးခွင့်တွေရရှိပြီး စံပြမဲရုံတွေ ဖြစ်ပေါ်လာဖို့ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးနေလင်းစိုးက ပြောပါတယ်။

“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကာလမှာဆိုရင် မသန်စွမ်းသူများ အပါအဝင် မဲဆန္ဒရှင် ပြည်သူအားလုံး တန်းတူမဲပေးနိုင်တဲ့ စံပြမဲရုံတချို့ပေါ့နော်။ ဒါလည်း ထပ်ပြီး ဖော်ဆောင်ဖို့ရှိတယ်။”

မသန်စွမ်းတွေအနေနဲ့ မဲပေးတဲ့အခါမှာလည်း ကြိုတင်မဲပေးဖို့ အလိုမရှိဘူးလို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အစီအစဉ်ရေးဆွဲရေး ဒါရိုက်တာ ဒေါ်ယုယသူက ပြောပါတယ်။

“မသန်စွမ်းသူတယောက် မဲပေးတဲ့အခါမှာ ကြုံရတဲ့ပြဿနာက မသန်စွမ်းမှုအပေါ်မှာ မူတည်ပြီးတော့ တယောက်နဲ့တယောက် မတူကြပါဘူး။ အမြင်အာရုံ မသန်စွမ်းသူဆိုရင် သူ့အနေနဲ့ ကိုယ်တိုင် မဲလက်မှတ်ပေါ်မှာ သူ ဘယ်သူ့ကို မဲပေးလိုက်တယ်ဆိုတဲ့ လျှို့ဝှက်ဆန္ဒကို ပေးဖို့ရာ အခက်အခဲရှိပါတယ်။ မသန်စွမ်းသူဖြစ်လို့ ကြိုတင်မဲပဲ ပေးရမယ်ဆိုတာကိုတော့ အစ်မတို့အနေနဲ့ မလိုချင်ပါဘူး။”

၂၀၁၄ သန်းခေါင်စာရင်းအရ တနိုင်ငံလုံးမှာ မသန်စွမ်းဦးရေ ၂ ဒသမ ၃ သန်းကျော် ရှိပါတယ်။

မသန်စွမ်းသူ ၈၅ ရာခိုင်နှုန်းက အလုပ်လက်မဲ့ဖြစ်နေပြီး ၁၅ ရာခိုင်နှုန်းကသာ အလုပ်လုပ်ကိုင်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013