DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားစိစစ်ခံ NVC ကတ်များ ရှမ်းပြည်နယ်တွင် အများဆုံးထုတ်ပေး
DVB
·
December 27, 2016
နိုင်ငံသားစိစစ်ခံ NVC ကတ်များ ရှမ်းပြည်နယ်တွင် အများဆုံးထုတ်ပေး
Donate to DVB

 

နိုင်ငံတ၀န်းမှာ မြန်မာနိုင်ငံသားအဖြစ် စိစစ်ခံရမယ့်သူတွေကိုထုတ်ပေးထားတဲ့ NVCသက်သေခံ ကတ်ပြားပေါင်း အရေအတွက် ၃ သောင်းကျော်ရှိနေပြီး တ၀က်ကျော်လောက်ဟာ ရှမ်းပြည်နယ်မှာ ထုတ်ပေးထားတာလို့ အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။

Identity Card for National Verification (NVC) ကတ်ပြားတွေထုတ်ပေးတာကို ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ဇွန် ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာမှာ ၂၀၁၆ ဒီဇင်ဘာ ၂၃ ရက်အထိတစ်နိုင်ငံလုံး အတိုင်းအတာအရ ယာယီသက်သေခံ လက်မှတ် ပြန်လည်အပ်နှံမှု စုစုပေါင်း ၄၆၉၁၈၃ ဦး အနက် ၃၂၀၁၆ ဦးကို ကတ်တွေ ထုတ်ပေးပြီးဖြစ်တယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ  ၁၆၅၉၆ဦးနဲ့အများဆုံးထုတ်ပေးထားတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၆၀၇၇ ဦး၊ ကရင်ပြည်နယ်မှာ ၃၅၉၃ဦး၊ ပဲခူးတိုင်းမှာ ၁၃၇၇ဦး၊ မန္တလေးတိုင်းမှာ ၁၃၅၉ဦး၊ တနင်္သာရီမှာ ၈၅၀ဦး၊ ရန်ကုန်မှာ ၈၄၁ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၆၁ဦး၊  မွန်ပြည်နယ်မှာ ၂၆၇ဦး၊  ကချင်ပြည်နယ်မှာ ၂၂၁ဦး၊ ဧရာဝတီ ၁၄၆ဦးနဲ့ ကျန်ပြည်နယ်တိုင်းတွေကတော့ အယောက် ၁၀၀ အောက်အသီးသီးရှိပါတယ်။

ရှမ်းပြည်နယ် လ၀က ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းက ‘ အန်ဗွီကတ် ထုတ်ပေးတယ်ဆိုတာ နံပတ် ၁ အထောက်အထား ခိုင်ခိုင်လုံလုံ ချက်ခြင်းမပြနိုင်တဲ့လူတို့၊ ကိုယ့်နိုင်ငံတွင်းမှာ တောက်လျောက်နေထိုင်သူ ဟုတ်မဟုတ်၊ နိုင်ငံခြားတိုင်းပြည်တခုခုက ခိုးဝင်လာသူ ဟုတ်မဟုတ် ကျနော်တို့က အရင်ဦးစွာ စိစစ်ပါတယ်။ ခိုးဝင်လာတဲ့သူ၊ တခြားမမှန်ကန်တဲ့ သူဆိုရင်တော့ တည်ဆဲဥပဒေနဲ့ အရေးယူပါတယ်။ မဟုတ်ဘူးဆိုရင်တော့ အန်ဗွီကတ်ထုတ်ပေးတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့  ဗဟိုအဖွဲ့ကို လျောက်ထားဖို့အတွက် လျောက်ထားဖို့လိုတဲ့ လူတွေ အထောက်အထားမစုံတဲ့လူတွေ ဒါမျိုးတွေကို ထုတ်ပေးပါတယ်။ နောက်ပြီး ယာယီသက်သေခံ လက်မှတ်တွေ သက်တမ်းကုန်တဲ့အခါကျတော့ ပြန်ပြီးတော့ အပ်နှံတဲ့လူ ပျက်စီးကြောင်း ပြန်သတင်းပို့တဲ့လူ အဲလိုလူတွေကို ကျနော်တို့က နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်အရ စိစစ်မှုခံယူဖို့ လိုအပ်တဲ့လူတွေကို ထုတ်ပေးပါတယ်။’လို့ပြောပါတယ်။

ရခိုင်ပြည်နယ်တခုတည်းအတွက် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံမှု စုစုပေါင်း ၃၉၇၄၉၇ ဦး ရှိတဲ့ အနက် ၆၀၇၇ ဦးကိုကို NVC ကတ်ပြားတွေထုတ်ပေးပြီးပြီးလို့ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ပြဌာန်းချက်နဲ့ အညီ နိုင်ငံသား/နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် စိစစ်နိုင်ဖို့နဲ့  စိစစ်နေဆဲ ကာလအတွင်း မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သူအဖြစ် အသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး NVC ကတ်တွေ ထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013