DVB Logo
Home
Lead Story
ရုရှားသံအမတ်ကြီး လုပ်ကြံသတ်ဖြတ်ခံရတဲ့ကိစ္စ
DVB
·
December 27, 2016
ရုရှားသံအမတ်ကြီး လုပ်ကြံသတ်ဖြတ်ခံရတဲ့ကိစ္စ
Donate to DVB

 

တူရကီနိုင်ငံ မြို့တော်အင်ကာရာက ဓာတ်ပုံအနုပညာပြခန်းတခုမှာ မိန့်ခွန်းစကား ပြောကြားပေးနေတုန်း တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ သတင်းဟာ တူရကီနဲ့ ရုရှားနိုင်ငံတွေမှာသာမကဘဲ ကမ္ဘာ့နိုင်ငံအတော်များများမှာပါ ထိတ်လန့်အံ့သြသွားကြတဲ့ သတင်းတခုဖြစ်သွားခဲ့တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

အဲဒီထိတ်လန့်အံ့သြစရာနဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကတော့ တူရကီနိုင်ငံ အင်ကာရာ မြို့တော်က ဓာတ်ပုံအနုပညာပြခန်းတခုမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။ အဲဒီဓာတ်ပုံပြပွဲ ဖွင့်ပွဲမှာ တက်ရောက်စကားပြောကြားပေးဖို့ ဖိတ်ကြားခံရတဲ့ တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရေကားလော့ဗ်ကို သူ မိန့်ခွန်းစကားပြောကြားနေတဲ့ စင်မြင့်ပေါ် သူ့နောက်နားမှာ ရပ်နေတဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့ဝင် ပုလိပ်အရာရှိတယောက်ယောက်က သူ့ရဲ့ ပစ္စတိုသေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အဲဒီပုလိပ်အရာရှိက ပထမ စပစ်ခတ်အပြီး လဲကျနေတဲ့ သံအမတ်ကြီးအနားကို ကပ်သွားပြီး အနည်းဆုံး နောက်ထပ် အနီးကပ် တချက်ထပ်ပစ်ခဲ့တယ်လို့ အဲဒီအချိန် မြင်ကွင်းမှာ ရှိနေတဲ့ အေပီသတင်းထောက် တယောက်က ဆိုပါတယ်။ နောက် သူဟာ သံအမတ်ကြီးရဲ့ခန္ဓာကိုယ်ကို ပတ်လျှောက်ရင်း အော်ဟစ်နေခဲ့ပြီး ပြပွဲမှာ ပြသထားတဲ့ ဘောင်သွင်းထားတဲ့ ဓာတ်ပုံတွေ အတော်များများကိုလည်း ရိုက်ခွဲဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ အော်ဟစ်ပြောဆိုခဲ့တာကတော့ “အယ်လက်ပိုကို မမေ့နဲ့၊ ဆီးရီးယားကို မမေ့နဲ့” လို့ ဆိုတဲ့ စကားတွေနဲ့ “ဒီရက်စက်မှုမှာ ပါဝင်ခဲ့တဲ့သူ ဘယ်သူဖြစ်ဖြစ် ပြန်ပေးဆပ်ရမှာပဲ။ တယောက်ချင်း တယောက်ချင်းပဲ၊ သေခြင်းတရားကပဲ ကျုပ်ကို ဒီနေရာကနေ ခေါ်သွားလိမ့်မယ်။” နောက်တော့ “ဂျီဟတ်အတွက် တမန်တော် မိုဟာမက်ကို ထောက်ခံခဲ့တဲ့သူတွေရဲ့ သားစဉ်မြေးဆက်တွေပဲ” လို့လည်း အာရဗီဘာသာစကားနဲ့ ဆက်အော်ပြောနေခဲ့တာကိုလည်း အဲဒီအချိန်မှာ ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ တူရကီ သတင်းဌာနက မျှဝေပေခဲ့တဲ့ ဗွီဒီယိုသတင်းမှတ်တမ်းအရ တွေ့မြင်ခဲ့ရပါတယ်။

အင်ကာရာမြို့တော်ဝန် မဲလစ်ဂေါ့ခက်ကတော့ ဒီလုပ်ကြံသတ်ဖြတ်တဲ့ ပုလိပ်အရာရှိဟာ အသက် ၂၂ နှစ်အရွယ် မေးလွတ် မတ်အော်တင်တားစ် မြို့တော်အင်ကာရာမှာ အလုပ်လုပ်နေသူ ဖြစ်ပေမယ့် သူ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့အချိန်ဟာ သူ့ရဲ့တာဝန်ချိန် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရုရှားသံအမတ်ကြီးကို သူ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခဲ့တယ် ဆိုတာကတော့ သတ်ဖြတ်ပြီးချိန်မှာ သူ ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့တဲ့ သူ့စကားတွေအရ သေချာပါတယ်။ မြို့တော်ဝန် မဲလစ်ဂေါ့ခက် ပြခန်းပြင်ပမှာ သတင်းထောက်တွေကို ဒီအလွန်ယုတ်မာရက်စက်တဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ရုရှားနဲ့ တူရကီနိုင်ငံအကြား မပြေမလည် ဖြစ်ခဲ့တဲ့ ဆက်ဆံရေး ပြန်ပြီးတည်ဆောက် အဆင်ပြေချောမွေ့ဖို့ နှစ်ဖက်ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် ဒီအခြေအနေကို နှောင့်ယှက်ပွဲဖျက်ဖို့ ရည်ရွယ်တာပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တူရကီသမ္မတ အာဒိုဂင်တို့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့တဲ့ အချိန်မှာတော့ အာဒိုဂင်က “ကျနော်တို့နိုင်ငံနဲ့ ပြည်သူတွေကိုယ်စား ရုရှားသမ္မတကြီး ဗလာဒီမာပူတင်နဲ့ မိတ်ဆွေရင်းချာဖြစ်တဲ့ ရုရှားပြည်သူတွေကို ကျနော့်ရဲ့ ဝမ်းနည်းကြေကွဲစကားကို ထပ်ပြီး ပြောကြားပါရစေ” လို့ ပြောကြားခဲ့ပါတယ်။

ဗလာဒီမာပူတင်ကတော့ “ကျူးလွန်ခဲ့တဲ့ ဒီရာဇဝတ်မှုကတော့ ရုရှားနဲ့ တူရကီ နှစ်နိုင်ငံကြားမှာရှိတဲ့ ရင်းနှီးခင်မင်မှုနဲ့ ဆီးရီးယားနိုင်ငံက  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းလွဲ ပျက်ယွင်းသွားအောင် ရည်ရွယ်ပြီး ရန်စတဲ့လုပ်ရပ်ဆိုတာကတော့ သေချာပါတယ်။ တခုတည်းသော ဖြစ်နိုင်တဲ့ တုံ့ပြန်မှုကတော့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တိုက်ခိုက်တာကို အားကောင်းအောင် လုပ်ဖို့ပဲရှိပါတယ်။ ဓားပြတွေကတော့ အဲဒီအကျိုးဆက်ကို သူတို့ကိုယ်တိုင် ခံစားကြရမှာပါပဲ” လို့ တုံ့ပြန်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တော့ ရုရှားနဲ့ တူရကီ နှစ်နိုင်ငံဆက်ဆံရေးဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဆီးရီးယားနယ်စပ်မှာ ရုရှား စစ်လေယာဉ်တစင်းကို တူရကီနိုင်ငံက ပစ်ချလိုက်ပြီးကတည်းက ဆိုးဆိုးဝါးဝါး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းက တူရကီနိုင်ငံက တောင်းပန်ခဲ့တဲ့အတွက် ဒီမိတ်ပျက်မှုကို ကျော်လွှားနိုင်ခဲ့ပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံကြား ဆက်ဆံရေးအေးခဲနေတဲ့ အခြေအနေကနေ ပြန်ပြီးကောင်းမွန်လာခဲ့တာ တွေ့ရပါတယ်။ နှစ်နိုင်ငံပူးတွဲ ကမကထလုပ်ပြီး အယ်လက်ပိုက အရပ်သားတွေနဲ့ သူပုန်တွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရေး ဆောင်ရွက်နေခဲ့သလို ကာဇက်စတန်မြို့တော် အက်စ်တာနာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသစ် တစ်ကျော့ပြန် ဆွေးနွေးဖို့ လုပ်ဆောာင်နေတာရဲ့ အလားအလာကိုလည်း ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ တူရကီနဲ့ ရုရှားနိုင်ငံအကြားမှာ နိုင်ငံရေးအရ သဘောထားတင်းမာမှုတွေ မကျေလည်မှုတွေ ရှိနေတာရဲ့ ဆက်နွှယ်ပြဿနာတခုကတော့ ဆီးရီးယားနိုင်ငံအရေးမှာ ရုရှားနိုင်ငံရဲ့ ပါဝင်လှုပ်ရှားမှုကြောင့်လို့ ပြောရင်မမှားနိုင်ပါဘူး။

ဒါပေမယ့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရုရှားသံအမတ်ကြီး အန်ဒရေကားလော့ဗ်ကတော့ သံတမန်ဘဝနဲ့ အသက်မွေး တက်လမ်းရှာလာခဲ့သူတဦး ဖြစ်ပါတယ်။ သံတမန်လုပ်ငန်းထဲကို ၁၉၇၆ က စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဌာန အကြီးအကဲအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ တူရကီနိုင်ငံ သံအမတ်ကြီးအဖြစ်ကိုတော့ ၂၀၁၃ ခုနှစ်က စပြီး တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်ခဲ့သလဲ ဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ကိစ္စမှာတော့ ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ရှကော့ဗ်ကတော့ တူရကီအာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ရမလာခင်အထိ ဒီကိစ္စကို အလျင်စလို မကိုင်တွယ်သင့်တဲ့အကြောင်း ပြောဆိုခဲ့ပြီး “ဒါဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိုးနှက်လိုက်တာပဲ ဖြစ်တယ်” လို့ အာအိုင်အေ သတင်းဌာနကို ဗုဒ္ဓဟူးနေ့ ပြောဆိုခဲ့ပါတယ်။ သူက မတ်အော်တင်တားစ် တယောက်ထဲက ဒီလုပ်ကြံမှုကို ကျူးလွန်တယ်လို့တော့ ရုရှားနိုင်ငံက မယူဆတဲ့အကြောင်း ပြောခဲ့ပေမယ့် အဲဒီလို သံသယရှိရတဲ့အကြောင်းကိုတော့ ရှင်းပြဖို့ ငြင်းဆန်ခဲ့ပါတယ်။

တူရကီအာဏာပိုင်တွေဘက်ကတော့ နိုင်ငံရပ်ခြားကို ကိုယ့်သဘောနဲ့ကိုယ် ထွက်ခွာနေထိုင်နေတဲ့ မွတ်ဆလင်ခေါင်းဆောင် ဖက်သူလာဂူလင်ရဲ့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ ဖက်သူလာ အကြမ်းဖက်အဖွဲ့ (FETO) နဲ့ ဆက်နွှယ်နေလိမ့်မယ်လို့ ယူဆနေကြပါတယ်။ ဂူလင်ကို တူရကီအစိုးရက ဇူလိုင်လ ၂၂ ရက်နေ့က တူရကီနိုင်ငံမှာ ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ စစ်တပ် အာဏာသိမ်းယူမှုကို စီစဉ်ကြိုးကိုင်ခဲ့သူ ဖြစ်တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နှစ်နိုင်ငံလုံးအတွက် အကူအညီပေးဖို့ အဆင်သင့် ရှိပါတယ်လို့ ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။ နောက် ဘာဖြစ်လာဦးမယ်၊ ဘာတွေ ပြောလာကြဦးမယ် ဆိုတာကလည်း မသေချာတဲ့ အခြေအနေပါ။ လွန်ခဲ့တဲ့ရာစုနှစ်နဲ့ချီပြီး ကြာမြင့်နေခဲ့တဲ့ တူရကီနဲ့ ရုရှားနိုင်ငံကြားမှာ ဖြစ်နေတဲ့ တင်းမာနေတဲ့ အားပြိုင်ရန်လိုမှု ဆက်ဆံရေးဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ ချမှတ်ဆောင်ရွက်နေတဲ့၊ အသတ်အဖြတ်များတဲ့ နိုင်ငံခြားရေးမူဝါဒတွေပေါ်မှာ ထိပ်တိုက်ထိခတ်မိလာကြတဲ့ အခြေအနေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အလေးထားရမယ့် အလားအလာရှိတဲ့ အခင်းအကျင်းအတွက် သတိထားရမယ့် အချက်တွေကတော့….

- ရုရှားက တူရကီနိုင်ငံကို အဓိကထားပြီး ကွန်ပျူတာနည်းနာနဲ့ တိုက်ခိုက် ဖျက်ဆီးနေသူတွေ ကိစ္စ။

- ရုရှားနဲ့ တူရကီအကြား ရှိနေတဲ့ အားနည်းချည့်နဲ့ ပြိုကွဲသွားနိုင်တဲ့ ဆက်ဆံရေးဟာ တူရကီနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားအသစ်ဖြစ်လာနိုင်တဲ့ အခြေအနေကိစ္စ။

- အခု လုပ်ကြံသတ်ဖြတ်မှုဟာ နှစ်နိင်ငံစလုံးအတွက် စီမိုကရေစီရေး ဆောင်ရွက်မှုတွေကို ပိုပြီးနှိပ်ကွပ်ဖို့ ဆင်ခြေဆင်လက်တခုအဖြစ် အသုံးပြုလာနိုင်တဲ့ ကိစ္စ။

- အယ်လက်ပိုမှာ အပစ်အခတ်ရပ်စဲရေး ပြိုကွဲသွားနိုင်တဲ့ကိစ္စ။

- ရုရှားက နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့ တူရကီကို စစ်ပွဲဆင်နွှဲဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်နေတဲ့အတွက် ခတ်(Kurd) တွေရဲ့ အကြမ်းဖက်မှုတွေ ပိုပြီးဖြစ်လာအောင် တွန်းအားပေးလာပြီး တဖက်လှည့်နဲ့ တူရကီနိုင်ငံ အခက်တွေ့အောင် လုပ်လာနိုင်တဲ့ကိစ္စတွေပဲ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခု တူရကီနိုင်ငံ ရုရှားသံအမတ်ကြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စကို အခြေခံပြီး သုံးသပ်တင်ပြထားတဲ့အကြောင်း ။   

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013