
တရုတ်- မြန်မာအဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က လားရှိုး-မူဆယ်ကားလမ်းပိုင်းကို နှစ်ရက်ကြာပိတ်ပြီး ယာဉ်ကြောရှင်းမှာဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ သစ်သီးခူးဆွတ်မှုတွေကို ခေတ္တရပ်နားထားဖို့ မူဆယ်သစ်သီး ကုန်စည်ဒိုင်က အသိပေးထုတ်ပြန်လိုက်တယ်။
ကားလမ်းပိတ်လိုက်ရင် သစ်သီးတွေ၊ ကုန်စိမ်းတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်တဲ့အတွက် အခုလို သတိပေးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ မူဆယ်သစ်သီး ကုန်ဒိုင်အဖွဲ့ အတွင်းရေးမှုး ဦးစိုင်း ခင်မောင်က ပြောပါတယ်။
လတ်တလောမှာတော့ ကားလမ်းပိတ်ပြီး ယာဉ်ကြောရှင်းမယ်ဆိုတာကို သက်ဆိုင်ရာက အတိအကျ ညွှန်ကြား ထားတာ မရှိသေးပေမယ့် ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ လမ်းကြောပိတ်ထားဖို့ရှိတယ်လို့ ကုန်သွယ်ရေးကားလမ်းကြောင်းရှင်းလင်းရေး ပူးပေါင်းလုပ်ဆောင်မယ့် အဖွဲ့ထံကနေ သတင်းရထားတယ်လို့ ဦးစိုင်းခင်မောင်က ဆိုပါတယ်။
သတင်း ဓာတ်ပုံ - AMIA











