
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေး ရော်ဖီ အသက် ၂၈ နှစ် အသတ်ခံခဲ့ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပါတယ်။
ရော်ဖီဟာ ဒီဇင်ဘာ ၂၄ရက် ညနေက နေအိမ်ကနေ ဗလီတက်ဖို့သွားတာဖြစ်ပြီး နောက်တနေ့ မွန်းလွဲ၂နာရီလောက်မှာ ကျေးရွာစာသင်ကျောင်း အနောက်ဘက် ဦးရှည်ကျ ချောင်းအနီး ပုဇွန်ကန်ဘေးမှာ ၀မ်းဗိုက် ဓားထိုးဒဏ်ရာ၊ လည်ပင်းဓားထိုးဒဏ်ရာ၊ လှီးဖြတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို အစ်ကိုတစ်ဝမ်းကွဲက ရှာတွေ့ရှိခဲ့တာလို့ဆိုပါတယ်။
သေဆုံးသူဟာ ရေတွင်းကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးတဦးဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်မှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့သူ တဦးဖြစ်တယ်လို့လည်း သိရပါတယ်။
ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ တရားခံဘယ်သူလဲဆိုတာကိုတော့မသိရသေးပါဘူး။ သေဆုံးသူရဲ့ အလောင်းကိုတော့ မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တရားခံဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းနေတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ် ငါးခူးရကျေးရွာမှာ ပြည်တွင်းပြည်ပ မီဒီယာတွေကိုတွေ့ဆုံပြေကြားခဲ့တဲ့ ကျေးရွာစေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး ဒုစ်မာမတ် (ခ) ရှူနာမျာ ခေါင်းဖြတ် အသတ်ခံရခဲ့ရပါတယ်။











