DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ကမ်းပါး ပြိုကျမူကြောင့် လူနေအိမ်ခြေ ၄၀ ကျော်ပြောင်းရွှေ့
DVB
·
December 26, 2016
ဧရာဝတီမြစ်ကမ်းပါး ပြိုကျမူကြောင့် လူနေအိမ်ခြေ ၄၀ ကျော်ပြောင်းရွှေ့
Donate to DVB

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် အဖျောက်မြို့အပိုင် ပိတုန်းပိတ်ကျေးရွာနဲ့ အေးရွာကျေးရွာတို့မှာ ဧရာဝတီမြစ်ကမ်းပါး နေ့စဉ်ပြိုကျနေတာကြောင့် လူနေအိမ် ၄၀ ကျော်နဲ့ ဘုန်းတော်ကြီးကျောင်းတို့ ပြောင်းရွှေ့နေရပြီး နောက်ထပ်ပြောင်းရွှေ့ဖို့ နေရာအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကျေးရွာဒေသခံတွေက ပြောပါတယ်။

“နိုဝင်ဘာလဆန်းပိုင်းကစပြီး ကမ်းပါးတွေက တဖြည်းဖြည်းပြိုလာတာပါ။ အဲဒီအချိန်ကစပြီး လူနေအိမ်ခြေတွေ ပြောင်းရွှေ့လာတာ အခုဆို လောလောဆယ် ၄၀ ကျော် ပြောင်းရွှေ့ထားပါတယ်။ နောက်ထပ်ပြောင်းရွေ့ရဦးမှာပါ။ ဒါပေမယ့် နေစရာ အခက်အခဲဖြစ်နေတယ်။ ခုလက်ရှိေ ပြောင်းရွှေ့ပေးထားတဲ့အိမ်တွေဆို နီးစပ်ရာမိသားစုတွေနဲ့ ကမ်းပါးနဲ့လွတ်တဲ့ လမ်းနယ်နိမိတ်ထဲကို ပြောင်းရွှေ့ပေးထားရတယ်” လို့ ပိတုန်းပိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။

ကမ်းပါပြိုရခြင်းရဲ့အဓိကအချက်က ရေကြောင်းတိုက်စားမှုကြောင့်ဖြစ်ပြီး တရားမဝင် မြစ်သဲ/ကျောက်စုပ်တဲ့လုပ်ငန်းများကြောင့်ဖြစ်ကာ မြစ်ကျောက်စုပ်လုပ်ခြင်းကြောင့် ကမ်းပါး တိုက်စားမှုတွေ ဖြစ်ပေါ်နေရတယ်လို့ ဆိုပါတယ်။ သဲကျောက်စုပ်ယူတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာတွေကို တင်ပြထားတာတွေ ပြုလုပ်ထားပေမယ့် အရေးယူဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သိရပါတယ်။

“အခုမြေသားပြိုကျမှုဟာ မိုးတွင်း မြစ်ရေပြည့်ချိန်မှာ မပြိုပါဘူး။ အခုလို ရေကျချိန်မှာပြိုတာပါ။ ဒါကြောင့် အဓိကကတော့ တရားမဝင် မြစ်သဲ/ကျောက်စုပ်လုပ်ငန်းတွေကြောင့် ကမ်းပါးပြိုရခြင်းဖြစ်တယ်” လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျနော်တို့အိမ်ကတော့ ပြောင်းရွှေ့ထားပြီးပါပြီ။ ကမ်းပါးတွေက အက်ကြောင်းပေါ်ပြီး နေ့စဉ်လိုလို ပြိုနေတာပါ။ အရမ်းလည်းအန္တရာယ်များပါတယ်။ အခုချိန်ထိ နေစရာမရှိလို့ မပြောင်းရွှေ့ရသေးတဲ့အိမ်တွေ အများကြီး ကျန်ပါသေးတယ်။ အုပ်ချူပ်ရေးပိုင်းကတော့ လာကြည့်တာတော့ ရှိပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ နေရာပေးတာ မရှိပါသေးဘူး”လို့ ပိတုန်းပိတ်ကျေးရွာမှ ဦးသိန်းတန်က ပြောပါတယ်။

အဖျောက်မြို့မှာ ၂၀၁၄ ခုနှစ်ကစပြီး ရေကြီး ရေနစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့ပြီး မြစ်ရေပြန်ကျချိန် မှာလည်း ကမ်းပါပြိုမူအန္တရာယ်တွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ပြုလုပ်နေပြီး ဆည်မြောင်းဝန်ကြီးဌာန ကလည်း တာတံမံများခိုင်မာရေးတို့ကို အဓိကထား ဆောင်ရွက်နေပြီး အခုလို မြစ်ကမ်းပါပြိုမှုတွေကို မြစ်ရေကြီးတဲ့အတွက် မြစ်နဲ့မြို့ကို ပိုင်ခြားထားတဲ့ပန်းတာကြီးကိုလည်း ခိုင်ခံမှုရှိအောင် ပြုပြင်နေပါတယ်။

၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အတွင်း အဖျောက်မြို့မှာ မြစ်ရေကြီးတာ ၃ နှစ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးမြစ်ကမ်းပါးပြိုကျနေတဲ့အတွက် လူနေအိမ်ခြေ ၁၀၀ ကျော် ပြောင်းရွေ့နေထိုင်ခဲ့ကျပြီး အခုလက်ရှိမှာတော့ မြစ်ကမ်းပါး ဆက်လက်ပြိုကျနေပါတယ်။ နေအိမ်နဲ့ လူတွေ နေထိုင်ဖို့ အခက်အခဲ့များဖြစ်ပေါ်နေပြီး ဧရာဝတီမြစ်ကမ်းပါဟာ အေးရွာကျေးရွာနဲ့ ပိတုန်းပိတ်ကျေးရွာတွေမှာ အများဆုံးပြိုကျနေပြီး အနည်းဆုံး ၄ ပေကနေ အများဆုံး ပေ ၂၀ အထိ ပြိုကျနေတဲ့အတွက် နေညစောင့်ကြည့်နေတာတွေ ပြုလုပ်နေရတယ်လို့ အဖျောက်မြို့အုပ်ချူပ်ရေးမှူးဦးခင်ဇော်လင်းက ဒီဗွီဘီကို ပြောပါတယ်။
ပေးပို့ - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013