ဥက္ကံ တဘူးလှဆည်အတွင်း တရားမဝင် သစ်တန်ရေ ၂၄ တန် ဖမ်းဆီးရမိ
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အရှေ့ဘက် ဥက္ကံတဘူးလှဆည်အတွင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ နယ်မြေရှင်းလင်းခြင်းပြုလုပ်ရာမှ တရားမဝင်သစ်တန်ရေ ၂၄ တန်ခန့် ဖမ်းဆီးရမိကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးဌာနမှ တောအုပ်ဦးသက်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဖမ်းဆီးမှုကို ဒီဇင်ဘာ ၁၉ ရက်နေ့မှစတင်ပြီး တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးဇော်သက်၊ ဥက္ကံပိုင်နယ်မြေမှ တောအုပ်ဦးသက်နိုင်ဦးနဲ့ သစ်တောဝန်ထမ်းများမှ ဥက္ကံတဘူးလှဆည်အတွင်းနဲ့ သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်ခိုးယူမှု ပပျောက်ရေး အတွက် နယ်မြေလှည့်လည်ရှင်းလင်းခြင်းများ ပြုလုပ်ရာတွင် ဆည်အတွင်းမှ ဝါးဖောင်များအောက်မှာ တွဲပြီးမျှောလာတဲ့ တရားမဝင်သစ်(အခြားသား)များကို တွေ့ရှိဖမ်းဆီးမိခဲ့ ပါတယ်။
ဖမ်းဆီးရမိတဲ့သစ်များမှာ အရှည် ၁၂ ပေခန့်ရှိ ကညင်သစ်လုံး ၁၅ လုံး၊ သဒီသစ်လုံး ၆ လုံး၊ ပျဉ်းမ ၄ လုံး၊ ကညင်သစ်ခြမ်း ၄ ခြမ်း၊ ကညင်သစ်ခွဲသား ၉ ချောင်း၊ သဒီသစ်ခွဲသား ၄ ချောင်း၊ တောင်ပိန္နဲသား ၁၅ ချောင်းတို့ကို ဖမ်းဆီးရမိပြီး ပိုင်ရှင်ပေါ်ပေါက်ရေးတို့အတွက်စုံစမ်းလျက်ရှိပါတယ်။
ဥက္ကံ တဘူးလှဆည်အတွင်း တရားမဝင် သစ်ခိုးထုက်လုပ်မှုများပပျောက်ရေးနဲ့ တဘူးလှဆည်ကန် လုံခြုံရေးတို့အတွက် တိုက်ကြီးမြို့နယ် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်အတွင်း ဖောင်များဖွဲ့ပြီး နေထိုင်ကြတဲ့သူတွေကို တားမြစ်နယ်မြေအဖြစ် ၂၀၁၄ အောက်တိုဘာလ ပထမအပတ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။
သတင်းပေးပို့-မေသွယ်











