DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းအနောက်ခြမ်းမြို့များ၌ ယားယံစေတတ်သည့် ပိုးကောင်ဝါများ ပျံ့နှံ့ရောက်ရှိနေ
DVB
·
December 26, 2016
ပဲခူးတိုင်းအနောက်ခြမ်းမြို့များ၌ ယားယံစေတတ်သည့် ပိုးကောင်ဝါများ ပျံ့နှံ့ရောက်ရှိနေ
Donate to DVB

 

ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်းအပါအဝင် မြို့နယ်တချို့မှာ  အမျိုးအမည်မသိ လိပ်ပြာသဏ္ဌာန်ရှိ အဝါရောင် ပိုးကောင်ငယ်တွေ အများအပြား ပျံ့နှံ့ ရောက်ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမွေးအမှင်ထူပြီး ပိုးဟပ်အရွယ်လောက်ရှိတဲ့ အဆိုပါ ပိုးကောင်တွေကို ထိတွေ့ကိုင်တွယ်မိသူတွေဟာ သုံးလေးရက်ကြာလောက် အရေပြားယားယံဝေဒနာ ခံစားနေကြရတာ ဖြစ်ပါတယ်။

ဇီးကုန်းမှာ ပိုးကောင်တွေ ကျရောက်နေတာ သီတင်းတပတ်လောက် ရှိနေပြီဖြစ်ပြီး မြို့ပေါ် ရပ်ကွက်တွေထဲ လူနေအိမ်တွေပေါ်အထိ ရောက်ရှိလာနေလို့ ကလေးငယ်တွေ မထိမိ မကိုင်မိအောင် ဂရုစိုက်နေကြရတယ်လို့ ဇီးကုန်းမြို့ခံ ဒေါ်ခင်ငြိမ်းငြိမ်းအိက ပြောပါတယ်။

“ဇီးကုန်းဘက်က စတာလို့ပဲ ပြောရမှာပဲ၊ တော်တော်များတယ်။ ဒီနေ့ အိမ်က ကလေးတောင် ပိုးကောင်နားနေတဲ့နေရာကို သွားလို့ ထိမိသွားတယ်၊ ဆေးခန်းတော့ မပြရဘူး။ သနပ်ခါးနဲ့ ဆားနဲ့ သွေးလိမ်းတာတို့ ဘာမီတွန်သောက်တာလို့ လုပ်တယ်။ အဲလိုမျိုး အရင်က တခါမှမဖြစ်ဖူးဘူး၊ ခုမှပေါ်လာတာ၊ မျက်လုံးလေးနှစ်လုံးက မည်းမည်းလေး၊ လိပ်ပြာလို အဝါဖျော့ဖျော့လေး၊ တခေါင်းလုံး အမွေးတွေအများကြီး၊ ပိုးတုံးလုံးကောင်၊ ခူယားလေးတွေမှာ အတောင်ပံ တပ်လိုက်သလိုပဲ။ ညဘက်ဆိုပိုဝင်တယ်၊ ညဆို အိမ်တွေက လင်းတာကိုး။ အဲတော့ အိမ်တံခါးတွေ စောစောပိတ်တာတို့ လုပ်ရတယ်။ ကလေးတွေကိုတော့ လုံတဲ့အခန်းထဲထည့်ထားတယ်။”

အဲဒီပိုးကောင်တွေဟာ ညဘက်ဆိုရင် လျှပ်စစ်မီးအလင်းရောင်တွေအောက်မှာ အုပ်စုဖွဲ့ပြီး ရှိနေတတ်တယ်လို့ ဆိုပါတယ်။

ကြို့ပင်ကောက်မြို့မှာလည်း မြို့ပေါ်ရပ်ကွက်တွေမှာ ပိုးကောင်တွေ ပျံ့နှံ့လာနေပြီး ထိတွေ့မိရင် ယားယံကာ  အင်ပျဉ်လို အဖုအပိန့်တွေ ထွက်တယ်လို့ ဒေသခံ  မမေသဇင်စိုးက ပြောပါတယ်။

“လက်တွေမှာ အင်ပျဉ်တွေလိုမျိုး ထွက်လာတော့ ကလေးက ကုတ်တယ်။ ည အိပ်ရာထဲကျမှ ကလေးကုတ်မှန်းသိတယ်။ မနက်မိုးလင်းတော့ ဆေးပေါင်ဒါလေးလူးတော့ နည်းနည်း သက်သာတယ်။ ဒါပေမယ့် အခု တင်ပါးတွေမှာ ဖုတွေထွက်နေတယ်” လို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်နေ မကြူကလည်း “အဲဒီနေ့က မှတ်မှတ်ရရ အဲဒီအကောင်လေးက ပန်းကန်လုံးထဲ ဝင်နေတာ။ အဲဒါလေးကို လက်နဲ့ဖယ်ပြီး အမလည်း လက်တွေ ဆေးကြောပြီးတော့ အမှတ်တမဲ့ပဲ ဆပ်ပြာတွေနဲ့တော့ မဆေးဖြစ်လိုက်ဘူး။ နောက် မျက်နှာကို အမပွတ်လိုက်မိတဲ့ အချိန်ကျမှ အဲဒါကို သွားသတိရလိုက်တာ” လို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ် ကျေးလက်ကျန်းမာရေးမှူး ဦးသက်ဇင်ကတော့ ဒါဟာ အင်းဆက်တမျိုးဖြစ်ပြီး အဝါရောင်အပြင် အဖြူရောင် လိပ်ပြာငယ်တွေအဖြစ်နဲ့လည်း တွေ့မြင်နေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဒေသမှာတော့ ဒီလိပ်ပြာလေးတွေနဲ့ပတ်သက်လို့ ယားယံတဲ့ကိစ္စကို ပြီးခဲ့တဲ့ ၁၅ ရက်က ကျနော်တို့ သတိထားမိပါတယ်။ သေချာ အသေးစိတ်မေးတဲ့အခါကျတော့ အကောင်ကိုက်ထားတယ်ဆိုတာ ပေါ်လွင်လာတယ်။ အဲဒီတော့ ကျနော်တို့ လေ့လာကြည့်တယ်။ ပတ်ဝန်းကျင်တွေကို မေးကြည့်တယ်။ ကလေးရှိတဲ့အိမ်တွေ၊ လူဦးရေများတဲ့နေရာတွေ လိုက်လေ့လာကြည့်တော့ သူတို့လည်း အကိုက်ခံရတယ်ဆိုတဲ့အကြောင်းလည်း ပြောတယ်။ ဒါပေမယ့် သူတို့မှာတော့ ဆိုးဆိုးဝါးဝါးတော့ မရှိဘူး။ ကျနော်တို့လာရင်တော့ အယားသက်သာစေတဲ့ ဆေးလေးပေးလိုက်ရင် တရက် နှစ်ရက်လောက်နေရင် ပျောက်သွားတယ်။”

ကျေးလက်ကျန်းမာရေးအနေနဲ့ ပြည်သူတွေကို အဝတ်အစားတွေ သန့်ရှင်းစွာ ဝတ်ဆင်ကြဖို့၊ မီးအလင်းရောင်အောက်မှာ နေတတ်ကြတဲ့ ပိုးကောင်အဝါတွေနဲ့ နီးနီးကပ်ကပ်မနေဖို့ သတိပေးထားပါတယ်။

ပိုးကောင်တွေဟာ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ အိပ်ခန်းတွေအပြင် မီးအလင်းရောင်တွေများတဲ့ နေရာတွေမှာ တွေ့ရကြောင်း၊ သက်ဆိုင်ရာအနေနဲ့ ခြင်ဆေး ဒါမှမဟုတ် ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013