
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်က လိမ္မော်စိုက် တောင်သူတွေ ဒီနှစ်မှာ လိမ္မော်ဈေးတွေ ထိုးကျနေတဲ့ အတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။
ဒီနှစ်မှာ အသီးအထွက်နှုန်း လျော့ကျသွားတာအပြင် မနှစ်က လိမ္မော် တပိဿကို ၉၀၀၊ ၁၀၀၀ ကျပ်လောက် ဈေးရရှိပေမယ့် ဒီနှစ်မှာတော့ လိမ္မော်တပိဿကို ၆၀၀၊ ၈၀၀ ကျပ် လောက် သာ ဈေးရရှိတဲ့အတွက် အရှုံးပေါ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ရွာငံမြို့နယ်၊ ညောင်ပင်ဂွ ကျေးရွာနေ တောင်သူ ဦးဘစန်း က “ဈေးကွက်အနေအထားကတော့ မနှစ်ကထက်စာရင် ဒီနှစ် ဈေးမကောင်းဘူး။ မနှစ်က ၉၀၀၊ ၁၀၀၀ ရတယ်။ အခုကတော့ ၈၀၀၊ ၆၀၀ အဲလိုပဲ အဲဒီထက်တော့ မပိုပါဘူး။ သုံးလေးနှစ်အတွင်း မှာတော့ အောင်ပန်း များများပဲ၊ ဟိုပထမတုန်း ကတော့ ရန်ကုန်တင်သေးတယ်လေ။ ရန်ကုန်က ဈေးကွက်ပျက်လာတာလား ပွဲစားပဲ အဆက် အသွယ် ပြတ်သွားလားမသိဘူး။ တင်လည်းမတင်လာတော့ဘူးလေ”လို့ ပြောပါတယ်။
ရွာငံဒေသမှာ လိမ္မော် ပင်တွေကို ဘိန်းအစားထိုးအနေနဲ့ ၁၉၉၀ ခုနှစ်ဝန်းကျင်က စလို့ ပြောင်း လဲ စိုက်ပျိုးလာခဲ့ကြတယ်လို့ သိရပါတယ်။ တချိန်က အဲဒီဒေသထွက် လိမ္မော်တွေကို ရန်ကုန်၊ မန္တလေးကို တင်ပို့ခဲ့ကြပေမယ့် ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကစလို့ တရုတ်နဲ့ ယိုးဒယားက ၀င်ရောက်လာတဲ့ လိမ္မော်တွေကြောင့် ရန်ကုန်၊ မန္တလေးက လိမ္မော်ကုန်သည်တွေက လာရောက် မ၀ယ်ယူကြတော့တဲ့အတွက် အနီးနားက တောင်ကြီး၊ အောင်ပန်းဈေး ကွက်တွေကိုသာ တင်ပို့နေရတယ်လို့ ဆိုပါတယ်။
ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာနေ တောင်သူ ဦးမျိုးမင်းထက်က “ကျနော်တို့ လိမ္မော်စိုက်လာတာ ဆိုရင် ၁၂ နှစ် ၁၃ နှစ်လောက် ရှိပြီး ရှေ့အလား အလာမှာတော့ ထပ်တိုးချဲ့ဖို့ မရှိဘူး။ လက်ရှိစိုက်ပျိုးထား တာလေးပဲ ထွက်သလောက် ရောင်းချနေတာပေါ့နော။ ကျနော်တို့ ဒီနှစ်ဆိုရင် နည်းနည်း မဟုတ်ဘူး များများရှုံးမှာ သွင်းအားစု မြေသြဇာတွေကလည်း ဈေးတအားမြင့်တာကိုး အခုအသီးကလည်း မထွက် အသီးထွက်ရင်တော့ နဲနဲ ကာသေးတာပေါ့။ စာရိတ်တွေကြီးတာနဲ့ ဘာနဲ့လေ ဒီတနှစ်တော့ အရှုံးပဲ။ ကျနော်တို့က လိမ္မော်လေး မရလို့ တခြားသီးနှံလေးရ ရင်လည်း တော်သေးတယ်။ အခုက ရာသီသီးနှံက လည်းမရ၊ နှစ်ရှည်ပင်စိုက်ထားတာလည်း မရဆိုတော့ ကျနော်တို့ ရှေ့လျှောက် ပြန်ရပ်တည်ဖို့က မလွယ်ဘူး”လို့ ပြောပါတယ်။
လိမ္မော်အတွက် ထည့်သွင်းရတဲ့ သွင်းအားစုစာရိတ်တွေက ကြီးမြင့်လာပေမယ့် ဈေးကွက်အာမခံချက် မရှိတဲ့ အတွက် ရွာငံဒေသမှာ ၂၀၁၀ ခုနှစ်လောက်က စလို့ လိမ္မော်အစား တခြား ပြည်တွင်း၊ ပြည်ပဈေး ကွက်ရှိတဲ့ လက်ဖက်၊ ကော်ဖီတွေ ကို ပြောင်းလဲစိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။
သတင်း - AMIA











