
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဆယ်စုနှစ်နီးပါး ကပြနိုင်ခြင်းမရှိတဲ့ မြိတ်နဂါးအကကို အခုနှစ်မှာ ပြန်လည်ကပြခဲ့ကြပါတယ်။
“အဓိကကတော့ ဒီနဂါးအကက အရှင်ဥပဂုတ္တမထေရ်မြတ်ကို ပူဇော်ပြီး မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တွေမှာ လိုက်လံကပြပါတယ်။ အိမ်ရှင်တွေက ပြန်လည်လှူဒါန်းတဲ့ အလှူငွေတွေကို လိုအပ်နေတဲ့ နေရာတွေမှာ ပြန်လည်လှူဒါန်းပေးတဲ့ သဘောပါဖြစ်တယ်” လို့ မြိတ်နဂါးအကကို စတင်ခဲ့သူ ဦးထွန်းလွင်က ပြောပါတယ်။
မြိတ်နဂါးအကမှာ ရှင်ဥပဂုတ္တမထေရ်ပူဇော်ပွဲ ကျင်းပရာမှာ ကပြရာကနေ ၁၉၉၆ ခုနှစ်က စတင်လူသိများ လာပေမယ့် အဖွဲ့ဝင်လူငယ်တွေ ပြန်လည်စုစည်းမှု အားနည်းခဲ့လို့ ၂၀၀၆ ခုနှစ်ကစပြိး ကပြနိုင်တော့ခြင်း မရှိကြောင်း သိရပါတယ်။
အခုနှစ်မှာတော့ အလှူရှင်တွေရဲ့ ပံ့ပိုးအလှူငွေတွေနဲ့ မြိတ်မြို့ နောက်လယ် အမှတ် (၁) ဘောတံတား ဆိပ်ခံလူငယ်တွေနဲ့ ကုန်တင်/ချ လူငယ်တွေက ဦးဆောင်ပြီး မြိတ်နဂါးအကကို ပြန်လည်ကပြအလှူခံခဲ့တာ ဖြစ်ပါတယ်။
မြိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေနဲ့ ချို့တဲ့ကျောင်းတွေကို ထောက်ပံ့ကူညီပေးဖို့ ရည်ရွယ်ပြီး ပြန်လည် ကပြတာလို့ဆိုပါတယ်။
နဂါးအကမှာ အဖိုအမ နှစ်ကောင်ကပြရပြီး တစ်ကောင်လျှင် လူငယ် (၇) ဦးနဲ့ ကပြရကြောင်း သိ၇ပါတယ်။
နှစ်စဉ် ဒီဇင်ဘာကနေ ဇန်န၀ါရီလအထိ ၁ လနီးပါး မြို့ပေါ် ရပ်ကွက်တွေရဲ့ ဖိတ်ခေါ်ချက်အရ လိုက်လံ ကပြရတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးထွန်းလွင်က ရှင်းပြပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)










