DVB Logo
Home
မြန်မာသတင်း
စည်ပင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေဆိုးမိလ္လာကိုင် ဝန်ထမ်းများကို ဘီပိုးကာကွယ်ဆေး ထိုးပေး
DVB
·
December 22, 2016
စည်ပင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေဆိုးမိလ္လာကိုင် ဝန်ထမ်းများကို ဘီပိုးကာကွယ်ဆေး ထိုးပေး
Donate to DVB

ရန်ကုန်အနောက်ပိုင်းခရိုင် စည်ပင်သာယာရေးက်ာမတီ ပတ်ဝန်းကျင်သန့်ရှင်းရေးက ဝန်ထမ်းတွေနဲ့ ရေဆိုးမိလ္လာကိုင်တဲ့ ဝန်ထမ်းတွေကို ဒီဇင်ဘာ ၂၀ ရက်နေ့က ဒုတိယအကြိမ် ဘီပိုးကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။

အနောက်ပိုင်းခရိုင်အတွင်းမှ စည်ပင်သာယာရေးဝန်ထမ်းတွေကို ပထမအကြိမ် ဘီပိုးကာကွယ်ဆေးထိုးဖို့အတွက် လူ ၁၀၀၀ ကျော်ကို သွေးဖောက်စစ်ဆေးခဲ့ပြီး ဒီထဲက ၇၅ ဦးကတော့ ဘီပိုး တွေ့ရှိခဲ့ပါတယ်။

“အသည်းရောင်ဘီပိုးတွေ့တဲ့ လူနာ အားလုံး ၇၅ ဦးကို ခုတင် ၅၀၀ အထူးကုဆေးရုံ ကျန်းမာရေးဌာနရုံးချုပ်ကို ခေါ်ပြီး တဦးချင်းပေါ့၊ သူတို့ရဲ့ ရောဂါရာဇဝင်ကို မေးတယ်။ သေချာစမ်းသပ်ပြီးတော့မှ လွှဲစာနဲ့ ပို့ထားပြီးဖြစ်တယ်” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာန၊ လက်ထောက်ဌာနမှူး ဒေါက်တာမြင့်သိန်းထွန်းက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ အနောက်ပိုင်းခရိုင်အတွင်းမှာ ဘီိပိုးကာကွယ်ဆေးထိုးဖို့အတွက် ကျန်ရှိနေတဲ့ မြို့နယ် ၅ မြို့နယ်ကို ဒဂုံမြို့နယ်အတွင်း သန့်ရှင်းရေးဌာနခွဲမှာ ဘီပိုးကာကွယ်ဆေး ထိုးပေးသွားမှာ ဖြစ်ပါတယ်။

“အနောက်ပိုင်းခရိုင်မှာရှိတဲ့ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ အလုံ ရှိတယ်။ ဒီမှာကတော့ လက်ရှိ ၅ မြို့နယ် ထိုးပေးထားတာ ဖြစ်တယ်။ အားလုံး လျာထားတာတော့ ၄၈၆ ယောက် ရှိတယ်။ အခု ထိုးရင်းနဲ့ စောင့်နေတာက ၄၁၇ ဦးတော့ ထိုးပြီးသွားပါပြီ။ မကြာခင် အားလုံးကို ထိုးပေးသွားမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာမြင့်သိန်းထွန်းက ဆက်ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခရိုင်မှ စည်ပင်သာယာရေးဝန်ထမ်းတွေကို ဘီပိုးကာကွယ်ဆေး ထိုးပေးနေတာဖြစ်ပြီး အနောက်ပိုင်းခရိုင်နဲ့ တောင်ပိုင်းခရိုင်မှ စည်ပင်သာယာရေးဝန်ထမ်း ၁၈၀၀ ကျော်ကို ဘီပိုးကာကွယ်ဆေး ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။

အရှေ့ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်မှ ဝန်ထမ်း ၁၇၀၀ ကျော်ကိုတော့ ဘီပိုးကာကွယ်ဆေး ထိုးဖို့အတွက် စာရင်းကောက်ယူထားပြီး ဖြစ်ပါတယ်။

ဟေမာဝင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013