မောင်တောအကြမ်းဖက်မှုတွင် လူ ၇၀ ကျော်သေ၊ ၆၀၀ ကျော် ဖမ်းထား
DVB
·
December 22, 2016

ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း လူ ၇၀ ကျော် သေဆုံးခဲ့ပြီး ၆၀၀ ကျော် ဖမ်းဆီးထားတယ်လို့ မောင်တော နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က မီဒီယာနဲ့တွေ့ဆုံခိုက် ပြောခဲ့တာဖြစ်ပြီး ဒီကိန်းဂဏန်းတွေဟာ ဒီဇင်ဘာ ၁၆ ရက်အထိ ရရှိတဲ့ ၂ လခန့် အတောအတွင်း စာရင်းဖြစ်ပြီး ဖမ်းဆီးထားသူတွေထဲက ၁၀၀ ကျော်ကို ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ဖမ်းဆီးထားသူ ၆၀၀ ကျော်အနက် အများစုကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ စွဲချက်တင်ထားပြီး ပြန်လွှတ်ပေးသူ ၄၉ ဦးရှိပါတယ်။
အောက်တိုဘာ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ပြန်ကြားရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ပြည်တွင်းပြည်ပ မီဒီယာတချို့ ပထမဆုံးအကြိမ် သွားရောက် သတင်းယူနေကြပါတယ်။