DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားနှင့် ထိုင်းဇနီးမောင်နှံကို သတ်ဖြတ်ခဲ့သူထိုင်းဝရမ်းပြေးကို မော်လမြိုင်တွင်ဖမ်းမိ
DVB
·
December 21, 2016
မြန်မာအလုပ်သမားနှင့် ထိုင်းဇနီးမောင်နှံကို သတ်ဖြတ်ခဲ့သူထိုင်းဝရမ်းပြေးကို မော်လမြိုင်တွင်ဖမ်းမိ
Donate to DVB

 

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးနဲ့ ထိုင်းဇနီးမောင်နှံ ၂ ဦးတို့ကို သတ်ဖြတ်မှုကြောင့် ထိုင်းတရား ရုံးက သေဒဏ်အပြစ်ပေးခံထားရပြီး ၀ရမ်းပြေးဖြစ်နေတဲ့ ရဲဆရာဝန် ဒေါက်တာဆူဖတ်ကို မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်မှာ ဖမ်းဆီးရမိပြီ ဖြစ်ပါတယ်။   

ဒေါက်တာဆူဖတ်ဟာ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ အမှုထိန်ချန်မှု၊ တရားမ၀င်အလုပ်သမား ငှားရမ်းမှု၊ အလုပ်သမားပေါ်ခေါင်းပုံဖြတ်မှုတွေမှာပြစ်မှုထင်ရှားတာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဖစ်ခ်ျပူးရီ ခရိုင်တရားရုံးက ၂၀၁၅  ဖေဖော်ဝါရီ ၁ ရက်မှာ သေဒဏ်အပြစ်ပေးထားတာပါ။

ဒါပေမယ့် သူဟာ နောက်ဆုံးရုံးချိန်းရက်မှာရောက်လာခြင်းမရှိဘဲ တရားစီရင်ပြီးတဲ့နောက် ထွက်ပြေး သွားတဲ့အတွက် ရဲတပ်ဖွဲ့က သူ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းလိုက်သလို သူ့ကိုလည်း လိုက်လံစုံစမ်း ရှာဖွေနေတာ ဖြစ်ပါတယ်။

သူဟာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် နယ်စပ်တောလမ်းကနေတဆင့် မြန်မာပြည်ဘက် ထွက်ပြေး သွားကြောင်း ဖစ်ခ်ျပူရီ ခရိုင်ထောက်လှမ်းရေးဘက်က စုံစမ်းသိရှိရပြီးတဲ့နောက် ထိုင်းရဲချုပ်ထံ အကြောင်းကြားခဲ့ပါတယ်။

ထိုင်းရဲချုပ်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ အကူအညီတောင်းခဲ့တာကြောင့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ သူ့ကို မော်လမြိုင်မှာ ဖမ်းမိပြီဆိုတဲ့အကြောင်း မြန်မာဘက်က အကြောင်းကြားလာပြီး  ဘယ်လမ်းကြောင်းကနေ ဘယ်လိုပြန်ပို့မလဲဆိုတာတော့ မသိရသေးဘူးလို့  ထိုင်းရဲတပ်ဖွဲ့ဝင်တဦးအပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မွန်ပြည်နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေး ပါဘူး။

အလဲဗဲင်းမီဒီယာသတင်းမှာတော့ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ မော်လမြိုင်ရဲတပ်ဖွဲ့၊ လ၀ကနဲ့ လူကုန်တားရဲတပ်ဖွဲ့ဝင်တွေဟာ  မော်လမြိုင် ရာမညဟိုတယ်မှာ လာရောက်တည်းခိုနေတဲ့  နှလုံးဆီးချို အထူးကုသမားတော်ဆိုသူ  ဒေါက်တာ ဆိုဖာ့ ခေါ် နိုင်အောင်မင်း (၆၂) နှစ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ၀င်ရောက်စစ်ဆေးစဉ် ထိုင်းနိုင်ငံ ဖစ်ခ်ျပူရီခရိုင် ဒုရဲမှူးကလည်း ဘာသာပြန်နဲ့ အတူ ရောက်ရှိလာပြီး ဒေါက်တာ ဆိုဖာ့ဟာ သူတို့အလိုရှိနေတဲ့ လူသတ်ဝရမ်းပြေးဖြစ်ကြောင်း ရှင်းပြခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

ဒေါက်တာဆူဖတ် လောဝ်၀ပ်ထနဟာ ရဲမှူးကြီးတဦးဖြစ်ပြီး ဘန်ကောက်ထိုင်းရဲဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ပျောက်ဆုံးနေတဲ့ ထိုင်းဇနီးမောင်နှံ ၂ ဦးရဲ့ မော်တော်ကားကို ဒေါက်တာဆူဖတ်ရဲ့ နေအိမ်ဟောင်းတစ်လုံးမှာ တွေ့ရှိကြောင်း သက်ဆိုင်ရာ မိဘတွေက ရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့သလို၊ ဖစ်ခ်ျပူးရီခရိုင်ရှိ သူ့ရဲ့နာနတ်ခြံထဲမှာလည်း မြှုပ်နှံထားတဲ့ အရိုးစု ၃ စုံ တွေ့ရှိတာကြောင့် ရဲတပ်ဖွဲ့က အမှုမှန် စုံစမ်းဖော်ထုတ်ကာ တရားစွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါ အရိုးစုဟာ အိန္ဒဆိုသူ မြန်မာအလုပ်သမားတဦးရဲ့ အရိုးစုဖြစ်ကြောင်း၊ အိန္ဒကို သူ့ဇနီးနဲ့ ၀န်တိုပြီး ခေါင်းကိုသေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း၊ အလောင်းမြှုပ်ရာမှာ ပါဝင်စေခိုင်းခြင်းခံရသူ လုပ်ဖော်ကိုင်ဘက် မြန်မာအလုပ်သမားက ထွက်ဆိုပြီး အိန္ဒရဲ့ မိဘတွေနဲ့ပါ ဒီအန်အေစစ်ဆေး ခဲ့ပါတယ်။

ဖစ်ခ်ျပူးရီ ခရိုင်တရားရုံးက ဒေါက်တာဆူဖတ်ကို သေဒဏ်ပေးခဲ့ပြီး လူသတ်မှုမှာပူးပေါင်းပါဝင်မှုနဲ့ သူသား ၂ ယောက်ကိုတော့ ထောင်ဒဏ်အပြစ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013