DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရန်ပုံငွေကို အပစ်အခတ်ရပ်စဲရေးအတွက် ဦးစားပေးသုံးစွဲမည်
DVB
·
December 21, 2016
ငြိမ်းချမ်းရေးရန်ပုံငွေကို အပစ်အခတ်ရပ်စဲရေးအတွက် ဦးစားပေးသုံးစွဲမည်
Donate to DVB

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ကူညီထောက်ပံ့ပေးနေတဲ့ ငြိမ်းချမ်းရေးရန်ပုံငွေတွေကို ခွဲဝေသုံးရာမှာ အပစ်အခတ်ရပ်စဲရေး ကဏ္ဍအတွက် နံပါတ် ၁ ဦးစားပေးသုံးစွဲမယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

မနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးမှာ ရန်ပုံငွေတွေကို သုံးစွဲတာနဲ့ပတ်သက်ပြီး ဦးစားပေးကဏ္ဍ ၄ ခု သတ်မှတ်ဆောင်ရွက်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့တာပါ။

အဆိုပါ ဦးစားပေးကဏ္ဍ ၄ ခုကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကဏ္ဍတို့ ဖြစ်ပါတယ်။

အစည်းအဝေးမှာ အန်အာပီစီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအလှူရှင်တွေက ကူညီထောက်ပံ့တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေတွေကို ကန့်သတ်ထိန်းချုပ်တာ မဟုတ်ကြောင်း၊ များပြားတဲ့ အဖွဲ့အစည်းတွေအကြား ထောက်ပံ့ကူညီမှု ရရှိနိုင်တဲ့ အခြေအနေ ကွာခြားချက်ကြောင့် မညီမျှမှုတွေ များစွာရှိနေကြောင်း၊ ရန်ပုံငွေရှာဖွေရာမှာ နိုင်ငံတကာကူညီထောက်ပံ့မှုသာမက ပြည်တွင်းက အလှူရှင်တွေ ပါဝင်လာနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားဖို့လိုကြောင်းနဲ့  နိုင်ငံတကာ အကူအညီတွေကို ပွင့်လင်းမြင်သာမှုရှိရှိ၊ အလေအလွင့် အနည်းဆုံးဖြစ်ဖို့နဲ့ မလိုအပ်တဲ့ အပိုသုံးစွဲမှုတွေ မရှိစေရေး တာဝန်ယူမှုအပြည့်နဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၈ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကိုယ်စားလှယ် ၈ ဦးနဲ့ ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေသာမက အန်စီအေ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေပါ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာက ကူညီထောက်ပံ့ပေးတဲ့ ငြိမ်းချမ်းရေးရန်ပုံငွေ စုစုပေါင်း ဘယ်လောက်ရရှိထားတယ်၊ ဘယ်နေရာတွေမှာ ဘယ်လိုသုံးစွဲနေတယ် ဆိုတာကိုတော့ အစိုးရက ပြည်သူလူထုကို အသိပေး ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

အီးယူ ဥရောပသမဂ္ဂကတော့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ပံ့ပိုးပေးဖို့ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ အကူအညီ ယူရိုငွေ ၁၀၃ သန်းပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အလားတူ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေဖို့နဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၅ နှစ်အတွင်း ဂျပန်ယန်းငွေ ၄၀ ဘီလီယံ အကူအညီပေးမယ်လို့ ကတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013