DVB Logo
Home
မြန်မာသတင်း
တပ်မတော်ထောက်ခံပွဲ ရခိုင်လူမှုအဖွဲ့အစည်းများ ပြင်းထန်စွာကန့်ကွက်
DVB
·
December 20, 2016
တပ်မတော်ထောက်ခံပွဲ ရခိုင်လူမှုအဖွဲ့အစည်းများ ပြင်းထန်စွာကန့်ကွက်
Donate to DVB

 

ရန်ကုန်မြို့မှာ မြန်မာ့တပ်မတော်နဲ့ တရားသောစစ်အောင်မြင်စေကြောင်း ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲ လုပ်ခဲ့တဲ့အပေါ် ရခိုင်လူမှုအဖွဲ့အစည်း(ရန်ကုန်)က အပြင်းအထန်ကန့်ကွက်လိုက်ပါ တယ်။

ရခိုင်တိုင်းရင်းသားတွေ ဝတ်စုံဝတ်ဆင်ပြီး တိုင်းရင်းသားအမည်တွေ ရေးထိုးထားတဲ့ လက်ကိုင်ဆိုင်းဘုတ်တွေ ကိုင်ဆန္ဒပြခဲ့တဲ့အပေါ်  ရခိုင်လူမှုအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြီး  ဒီဇင်ဘာ ၂၀ ရက်နေ့စွဲနဲ့ ကန့်ကွက်ရှုတ်ချလိုက်တာပါ။

မြန်မာ့တပ်မတော်နှင့်တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တဲ့အပေါ် ရန်ကုန်ရောက် ရခိုင်လူမျိုးတွေ ပါဝင်ပတ်သက်ခြင်း မရှိသလို ဆန္ဒထုတ်ဖော်မှုမှာလည်း ပါဝင်ပတ်သက်တာ မရှိဘူးလို့ ရခိုင်လူငယ်များအင်အားစု(သဘာဝနဒီ) နာယကဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။

“အဲဒီပွဲမှာ ရခိုင်တွေ တဦးတယောက်မှ မပါသလို အဖွဲအစည်းအနေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘူး။ အဲဒီတော့ ဒီပွဲမှာ ဦးဇင်းတို့ ရခိုင်ယဉ်ကျေးမှု ဝတ်စားဆင်ယင်တာနဲ့ပတ်သက်လို့လည်း ဦးဇင်းတို့အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်။ အဲဒီနေ့မှာ ရခိုင်တိုင်းရင်းသားတွေက ရခိုင်ပြည်နယ်နေ့ ဖြစ်တဲ့အတွက် တိုင်းရင်းသားကျေးရွာမှာ ရခိုင်ပြည်လူထုတွေ ပြည့်လျှံနေတယ်။ ရခိုင်တွေကလည်း အဲဒီထောက်ခံပွဲကို ဘယ်တော့မှသွားမှာ မဟုတ်ဘူး။ ဒီပွဲက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲစေသလို တိုင်းရင်းသားစည်းလုံးရေးကိုလည်း ထိခိုက်စေခဲ့တဲ့အတွက်ကြောင့် ဒီပွဲကို ရှုတ်ချပါတယ်။”

မြန်မာ့တပ်မတော်နှင့် တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံပွဲ ဆန္ဒထုတ်ဖော်တာဟာ တိုင်းရင်းသားအချင်းအချင်း သွေးခွဲသလိုဖြစ်နေပြီး၊ တိုင်းရင်းသား ညီညွတ်ရေးကို ထိခိုက်စေတယ်လို့ ရခိုင်လူငယ်များအဖွဲ့ဥက္ကဋ္ဌ ကိုမောင်လေးက ပြောပါတယ်။

“အခု တပ်မတော်ကို ထောက်ခံပွဲလုပ်တယ်။ အဲဒီမှာ ကျနော်တို့ ရခိုင်တိုင်းရင်းသား ဝတ်စုံတွေကို လုပ်ကြံထည့်သွင်းတာအပေါ် လုံးဝကန့်ကွက်ပါတယ်။ ဒါက ကျနော်တို့ ရခိုင်လူငယ်အဖွဲ့(ရန်ကုန်) အဖွဲ့အစည်းတခုတည်းက ကန့်ကွက်တာမဟုတ်ဘူး၊ ရန်ကုန်မှာရှိနေတဲ့ ရခိုင်အဖွဲ့အစည်းတွေကပါ ကန့်ကွက်တာ။ ဘာကြောင့် ဒီလို တိုင်းရင်းသားလူမျိုးတွေရဲ့ ယဉ်ကျေးမှုဝတ်စုံတွေကို ဒီလိုဆန္ဒပြရာတွေမှာ ထည့်သွင်းပြီးတော့ လုပ်ရတာလဲ။ တိုင်းရင်းသား ညီညွတ်ရေး မျက်ကွယ်ပြုပြီးတော့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ကျနော်တို့ တိုင်းရင်းသားတွေကို သွေးခွဲသလို ဖြစ်နေတယ်။ ဒါကို လုံးဝကန့်ကွက်တယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ထဲမှာ ရှိတဲ့ ကေအိုင်အေရဲ့ အမာခံတပ်စခန်းတွေကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရန်ကုန်မှာ ဒီဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာပါ။

ဒီဇင်ဘာ ၁၈ ရက်နေ့က မြန်မ့ာတပ်မတော်ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ကာ ရန်ကုန်မြို့လယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လွှတ်တော်အမတ်ဟောင်း ဦးလှဆွေနဲ့ ဒေါ်ခင်ဝိုင်းကြည်တို့က လည်း ဟောပြောခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013