DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး အာဆီယံစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် မလေးရှားအဆိုပြု
DVB
·
December 20, 2016
ရခိုင်ပြည်နယ်အရေး အာဆီယံစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် မလေးရှားအဆိုပြု
Donate to DVB

 

ရခိုင်ပြည်နယ် အခြေအနေစုံစမ်းစစ်ဆေးဖို့  အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ ကျွမ်း ကျင်ထင်ရှားသူတွေပါဝင်တဲ့ လွတ်လပ်တဲ့အဖွဲ့တခုကို ဖွဲ့စည်းဖို့  မလေးရှာနိုင်ငံက တိုက်တွန်း အဆိုပြုလိုက်ပါတယ်။

မနေ့က ရန်ကုန်မှာ  အရေးပေါ်ခေါ်ယူ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော တံခါးပိတ် အစည်းအဝေးပွဲမှာ အဆိုပြုလိုက်တာလို့  မလေးရှားနိုင်ငံခြားရေးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ငြိမ်းချမ်းတည်ငြိမ်မှုပြန်လည်ရရှိဖို့ လိုအပ်တာတွေ အားလုံးလုပ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းတဲ့အကြောင်းနဲ့  မြန်မာအစိုးရအနေနဲ့ နိုင်ငံတတာလူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ အခြေအနေကို မျှမျှတတ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိလိ့မယ်လို့ ယုံကြည်တဲ့အကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာအာမင်က အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုအကူညီတွေကို ပိတ်ပင်တားဆီးတာမလုပ်ဖို့၊  လခြမ်းနီ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို အကူညီတွေပေးခွင့်ပြုဖို့ တောင်းဆိုလိုက်ပြီး နာဂစ်မုန်တိုင်းဘေး ဒဏ်ခံရတုန်းက မြန်မာပြည်ကိုဝိုင်းဝန်းကူညီခဲ့တုန်းကလို  အာဆီယံနိုင်ငံတွေ ပူးပေါင်းညှိနှိုင်းစီစဉ်ပြီး ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အကူညီတွေပေးဖို့လည်း မလေးရှားနိုင်ငံက အဆိုပြု လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စရက်နိုမာဆူဒီကတော့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့အတွက် မြန်မာနိုင်ငံက သဘောတူလိုက်ပြီဖြစ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက် တွေကို ပြောပါတယ်။

ရခိုင်ပြည်နယ်အေးချမ်းရေးအတွက် အရမ်းကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား အမြင်ခြင်း ဖလှယ် ဆွေးနွေးခဲ့ကြတဲ့အကြောင်းနဲ့ အရေးပါတဲ့ ဆွေးနွေးပွဲရလဒ် သဘောတူညီချက်  ၂ ခုကတော့   ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်တွေကို ပုံမှန်အသိပေးသွားဖို့နဲ့ လူသားချင်း စာနာမှုအကူအညီတွေ ခွင်ပြုဖို့ မြန်မာကတိပြုခဲ့တာပဲ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဗလာကရီရှနာကတော့ ရခိုင်ပြည်နယ်က ထိခိုက် နစ်နာတဲ့ အသိုင်းဝန်းအားလုံးရဲ့ ရေရှည်အကျိုးအတွက် အာဆီယံအနေနဲ့ မြန်မာကို အကောင်းဆုံး ဘယ်လို ကူညီနိုင်မလဲဆိုတာ အစည်းအဝေးမှာ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်ရဲ့ ခက်ခဲသိမ်မွေ့တဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်သွားဖို့  အစိုးရက  အလေးအနက် သံန္နိဋ္ဌာန်ချထားတဲ့အကြောင်းနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ  ရလဒ်ကောင်းရဖို့  ကြိုးပမ်းဆောင်ရွက်ခွင့်နဲ့  အချိန်အတိုင်းအတာ တစ်ခုလိုအပ်တဲ့အကြောင်းပြောကြားခဲ့တယ်လို့ ဆွေးနွေးပွဲအပြီး မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအားလုံးက အားရကျေနပ်မှု ရှိတယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်းကသတင်းထောက်တွေကိုပြောပါတယ်။

“အစည်းအဝေးက အရမ်းကောင်းပါတယ်။ အားလုံးက ကျေနပ်ကြပါတယ်။ အစည်းအဝေးတော့ မြန်မာဘက်က ရှင်းလင်းချက်တွေကို နားထောင်ရုံ သက်သက်ပါပဲ။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာရယ်။ မြန်မာအစိုးရက ဘယ်လို ကိုင်တွယ်နေသလဲဆိုတာရယ်။ တနေ့ကျရင်တော့ ငြိမ်းချမ်းပြီး   သဟဇာတ ဖြစ်ဖို့အတွက် အားလုံးက မျှော်လင့်နေကြပါတယ်။”

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင်တပ်ဖွဲ့တွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်းမီဒီယာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက အပြင်းအထန်စွပ်စွဲနေချိန်မှာခုလို အစည်းအဝေးကျင်းပတာ ဖြစ်ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို  မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံတာဖြစ်ပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တနိုင်ငံက ၀င်ရောက်မစွက်ဖို့  မူဝါဒကိုင်စွဲထားတဲ့ အာဆီယံအဖွဲ့အနေနဲ့  နိုင်ငံတနိုင်ငံရဲ့ အရေးကို ပထမဆုံး အကြိမ်အလွတ်သဘောတွေ့ဆုံ မှုဖြစ်ပါတယ်။

ဒီအခြေအနေဟာ အာဆီယံအတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ထူးခြားတဲ့အကြောင်း အာဆီယံ အရေး ကျွမ်းကျင်သူ ၀ါရင့် ထိုင်းသတင်းစာဆရာ က၀ိချွန်ကစ်တာဗွန်ကသုံးသပ်ပြောတယ်။

“ဒီအစည်းအဝေးကအရမ်းထူးခြားတယ်။ အာဆီယံ မူဘောင်အရ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း အခြေအနေတွေကို အာဆီယံကို ရှင်းလင်းတယ်။ ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ပါဘူး။ နောက်တခုကတော့ ရခိုင်ပြည်နယ်ထဲကနေ သတင်းတွေ အများကြီး တက်ေ်နတော့ ဒေါ်အောင်ဆန်းစုကြည်က အောက်ခြေမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြတယ်။ ဒါက အခွင့်ကောင်းတခုပဲ။ နောက်တခုကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ဆီက တိုက်ရိုက်သိခွင့်ရပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မယ်။ ဒါကလည်း မြန်မာ အစိုးရ ကိုယ်တိုင်က အကူအညီကို တောင်းမှပဲ အာဆီယံကလည်း ပေးနိုင်မယ်။ အာဆီယံကလည်း ကူညီဖို့ အသင့်ရှိတယ်၊ အထူးသဖြင့် ထိုင်းနိုင်ငံ ဆိုရင် မြန်မာပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်နေသလို ကူညီဖို့လည်း အသင့်ရှိနေပါတယ်။

လတ်တလော လူသားချင်း စာနာမှုအကူအညီ ကိစ္စကို  အာရုံပြုဖို့ လိုတဲ့အကြောင်း မြန်မာ အစိုးရအတွက် အချိန်လိုအပ်ပြီး တခြား အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ညှိနှိုင်းဖို့လည်း လိုသလို အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းပြီး နိုင်ငံသားကိစ္စ ပြဿ နာတွေကို ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်မယ်လို့လည်းပြောပါတယ်။

မနေ့မနက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့  အလွတ်သဘောဆွေးနွေးပွဲကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက နိုင်ငံခြားရေးဌာန အဆင့်မြင့် ၀န်ကြီးတွေ အပြင် အာဆီယံအတွင်းရေးမှူးချုပ် လီလျောင်မင်လည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013