တီအန်အယ်လ်အေ ဖမ်းဆီးသွားသည့် ရှမ်းပါတီဝင် ၂ ဦး အပါအ၀င် ၁၂ ဦး ပြန်လွတ်လာ

တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ တီအန်အယ်လ်အေက ဖမ်းဆီးသွားတဲ့ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်ကွမ်ရွာသား ၂၀ ကျော်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၂ ဦး အပါအ၀င် ၁၂ ဦး ဒီဇင်ဘာ ၁၅ ရက်က ပြန်လွတ်လာပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က “၁၀ ရက်နေ့က အဖမ်းခံရတဲ့ လူတွေထဲ မှာ ၁၂ ဦး လွတ်လာတယ်။ ကျနော်တို့ပါတီဝင် ၂ ဦးပါတယ်။ စိုင်းမောင်ခင်နဲ့ စိုင်းအိုက်ဝင်းပေါ့၊ ၁၅ ရက်နေ့က ရွာထဲပြန်ရောက်လာတယ်။ သူတို့ကို လွှတ်ပေးတဲ့နေရာကနေ လမ်းမှာ ၂ ညအိပ်ခရီး ကြာသေးတယ်တဲ့၊ အခု ပါတီက ၃ ယောက်ကျန်သေးတယ်။ ပန်ကွမ်ရွာ ဒု-ဥက္ကဋ္ဌ စိုင်းထွန်းရင်၊ စိုင်းဆန်ဝင်းနဲ့ စိုင်းဆန်လျန်း၊ ရွာသားကတော့ ၉ ယောက်ကျန်တယ်၊ သူတို့ကို တီအန်အယ်လ်အေ စစ်ရေးလေ့ကျင့်တဲ့စခန်း ပို့လိုက်ပြီလို့ ပြန်လွတ်လာတဲ့သူတွေ ပြောတယ်။”
ပန်ကွမ်ရွာသား ၂၄ ဦးကို တီအန်အယ်လ်အေတပ်တွေက ဒီဇင်ဘာ ၁၀ ရက်နေ့က အသုဘ ဆွမ်းသွပ်တရားနာပွဲ တခုကနေ လာဖမ်းခေါ်သွားတာ ဖြစ်ပါတယ်။
ရွာသား ၂ ဦးကို လမ်းတဝက်မှာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်နေ့ ရွာကိုပြန်ရောက်လာတာ ၁၂ ဦးရှိလို့ ၁၀ ဦးကျန်ရမှာဖြစ်ပေမယ့် ၉ ဦးသာ အမည်စာရင်းရှိလို့ ကျန်တဲ့ ၁ ယောက်က နာမည်တူတာ ဖြစ်နိုင်သလို ထွက်ပြေးလွတ်မြောက်သွားတာလည်း ဖြစ်နိုင်တယ်လို့ စိုင်းထွန်းဉာဏ်က ဆိုပါတယ်။
ဖမ်းထားတဲ့လူတွေအားလုံး ပြန်လွှတ်ပေးဖို့ အက်စ်အန်အယ်လ်ဒီက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသလို တီအန်အယ်လ်အေဘက်ကိုလည်း အိတ်ဖွင့်ပေးစာတစောင် ပို့ထားပါတယ်။
တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်ကတော့ သူတို့ လူသစ်စုဆောင်းတာ မှန်ပေမယ့် တအာင်းလူမျိုးအချင်းချင်းကိုသာ လက်ခံကြောင်း ဒီဗွီဘီကို ပြောပါတယ်။











