လွှတ်တော်ထဲ ဂျာနယ်ဖတ်သည့်အမတ်ကို စည်းကမ်းလိုက်နာရန် သတိပေး

လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ ဂျာနယ်ဖတ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တဦးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တမူးမဲဆန္ဒနယ်က ဦးနိုင်နိုင်ဝင်း မေးခွန်းမေးမြန်းနေချိန် ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ဂျာနယ်ဖတ်နေတဲ့အတွက် လွှတ်တော်စည်းကမ်းလိုက်နာဖို့ လွှတ်တော်အကြီးအကဲက သတိပေးလိုက်တာပါ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က "ဦးမျိုးဇော်အောင် လွှတ်တော်ထဲမှာ ဂျာနယ်ဖတ်ဖို့ မဟုတ်ဘူး။ အဲ့လို စည်းမဲ့ကမ်းမဲ့လုပ်ဖို့ မစဉ်းစားနဲ့။ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆို လွှတ်တော်ထဲ ဝင်မလာနဲ့" လို့ လွှတ်တော်မှာ ပြောသွားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်ကတော့ လွှတ်တော်နဲ့ ပြည်သူကို မလေးမစားလုပ်တဲ့သဘော မဟုတ်တဲ့အကြောင်းနဲ့ မဲဆန္ဒရှင်တွေကို တောင်းပန်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
“ကျွန်တော့်အနေဖြင့် လွှတ်တော်ကို မလေးမစားလုပ်လိုသည့်သဘော၊ ပြည်သူကို မလေးမစားလုပ်လိုသည့်သဘော မဟုတ်ကြောင်း တင်ပြလိုပါသည်။ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-သမ္မတ အတူတူ ဒဏ်ရာရစစ်သားများကို အားပေးသည့်သတင်းအား စိတ်ဝင်စားသွားသောကြောင့် ဖတ်မိလိုက်ခြင်း ဖြစ်ပါသည်။ TV မျက်နှာစာပေါ်တွင် ပေါ်လာသည့်အတွက် ပြင်းထန်သော သတိပေးမှုကို ခံရခြင်း ဖြစ်ပါသည်။ ထိုအတွက် ကျွန်တော်၏ မဲဆန္ဒရှင်များကို တောင်းပန်အပ်ပါသည်။ နိုင်ငံတော်နှင့် မိမိမဲဆန္ဒနယ်အတွက် မဆုတ်မနစ် အလုပ်ဆက်လုပ် ကြိုးစားသွားမည်ဖြစ်ပါသည်။”











