DVB Logo
Home
Lead Story
ပိုလို့တင်းမာလာတဲ့ တောင်တရုတ်ပင်လယ်အရေး
DVB
·
December 20, 2016
ပိုလို့တင်းမာလာတဲ့ တောင်တရုတ်ပင်လယ်အရေး
Donate to DVB

 

အမေရိကန်ပြည်ထောင်စုက အကြံပေးပုဂ္ဂိုလ်အုပ်စုက တရုတ်နိုင်ငံက လေကြောင်းနဲ့ ဒုံးကျည် ကာကွယ်တိုက်ခိုက်ရေးစနစ်တွေကို တပ်ဆင်နေတယ်လို့ ယူဆရတဲ့အကြောင်း ပြောပြီးလို့ မကြာခင်မှာပဲ တောင်တရုတ်ပင်လယ်ထဲက လူလုပ်ကျွန်းတုတွေပေါ်မှာ “လိုအပ်တဲ့ စစ်ရေး အခြေချတပ်ဆင်မှု” တွေ လုပ်ဆောင်နိုင်တဲ့ သူ့ရဲ့အခွင့်အရေးကို တရုတ်နိုင်ငံက  ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဗဟိုဌာနက အာရှပင်လယ်ပြင် ပွင့်လင်းမြင်သာမှု စွမ်းဆောင်ရည်အဖွဲ့ (AMTI) က သူတို့ တွေ့ရှိထားတာတွေကို ရိုက်တာသတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပေးခဲ့တဲ့ သတင်းတွေဟာ မဟာဗျူဟာ ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်ပြီး နိုင်ငံအတော်များများက သူတို့ပိုင်နက် ဖြစ်ပါတယ်လို့ တောင်းဆိုနေတဲ့ ကျွန်းတွေကို ဂြိုဟ်တုကနေ ရိုက်ထားတဲ့ပုံတွေကို အခြေခံပြီး သုံးသပ်တင်ပြထားတဲ့သတင်းတွေ ဖြစ်ပါတယ်။

ဒီလို တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်မှာ တိုးချဲ့တောင်းဆိုလာတဲ့ နယ်နိမိတ်ကိစ္စ ဖြစ်နေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုက အဲဒီဒေသမှာ လွတ်လပ်တဲ့ ရေကြောင်းကင်းလှည့်မှု ၄ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ တောင်းဆို ဆောင်ရွက်မှုတွေကို စိန်ခေါ်တဲ့သဘောလို့ အမြင်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ဒ်မှာတော့ “ကာကွယ်ရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးအရ လိုအပ်တဲ့ စစ်ရေးအခြေချ တပ်ဆင်မှုတွေ လုပ်ဆောင်တာဟာ ဥပဒေအရ အခွင့်ရှိသလို ဥပဒေနဲ့ညီညွတ်တယ်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

“တကယ်လို့ ကိုယ့်ရှေ့အိမ်တံခါးမှာ တယောက်ယောက်က အင်အားပြလာရင် ခင်ဗျားတို့က လောက်လေးခွနဲ့ ပြန်ပစ်ဖို့လောက်တော့ အဆင်သင့် မဖြစ်သင့်ဘူးလားဗျာ” လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ တရုတ်နိုင်ငံရဲ့ နယ်စွန်နယ်ဖျား အခြေစိုက်စစ်စခန်းတွေ တည်ဆောက်နေတာတွေကို အရင်က ဝေဖန်ပြောဆိုခဲ့ပြီး အဲဒီ တောင်တရုတ်ပင်လယ်ပြင် အနားပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် ရေကြောင်းသွားလာခွင့်နဲ့ အခါအားလျော်စွာ လေကြောင်း ရေကြောင်း ကင်းလှည့်တာတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခွင့်ရှိဖို့ လိုအပ်တဲ့အကြောင်း အလေးအနက်ပြောဆိုခဲ့တဲ့အတွက် ဘေဂျင်းက စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အငြင်းပွားနေတဲ့ ကျွန်းတွေမှာ ဒုံးကျည်တွေ တပ်ဆင်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။

တရုတ်နိုင်ငံရဲ့ ထုတ်ပြန်ဖော်ပြချက်မှာတော့ အငြင်းပွားနေတဲ့ စပရက်တလေကျွန်းစုက ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေမှာ အခြေချတည်ဆောက်နေတာတွေဟာ အရပ်ဘက်ဆိုင်ရာ သုံးစွဲမှုတွေအတွက်သာ အဓိကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

AMTI အဖွဲ့ရဲ့ ဖော်ပြမှုအရ အဲဒီ စပရက်တလေကျွန်းစုက ကျွန်းတွေပေါ်မှာလုပ်နေတဲ့ တည်ဆောက်မှုတွေဟာ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေနဲ့ ခရုစ်ဇ်ဒုံးကျည် တိုက်ခိုက်မှုကို ကာကွယ်တိုက်ခိုက်နိုင်တဲ့ ဆီးဝစ်ဇ် (CIWS) ဒုံးကာကွယ်ရေး စနစ်တွေကို တပ်ဆင်နေတာ ဖြစ်တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေအရ ပြောနိုင်တယ်လို့ ဆိုပါတယ်။ တခြားဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင်လည်း ပစ်မှတ်ရှာ ရေဒါတွေ ပါဝင်တဲ့ မျှော်စင်တွေကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

ဘေဂျင်းကတော့ အဲဒီကျွန်းတွေကို သူ့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတွေ ဖြစ်တယ်လို့ သဘောထားပြီး အဲဒီနေရာတွေကို ကန့်သတ်ခွင့်နဲ့ လိုအပ်တဲ့ ကာကွယ်ရေး အခြေချတပ်ဆင်မှုတွေ လုပ်ဆောင်ခွင့်ရှိတယ်လို့ သဘောထားပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျင်ရှောင်းက ဘေဂျင်းမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းရှင်းလင်းထုတ်ပြန်မှုမှာ AMTI ရဲ့ သတင်းထုတ်ပြန်မှုကို သူ နားမလည်နိုင်တဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။ တရုတ်အခေါ်အရ နန်ရှာကျွန်းတွေလို့ ခေါ်တဲ့ စပရက်တလေကျွန်းတွေနဲ့ပတ်သက်ပြီး သူက “နန်ရှာကျွန်းတွေဟာ တရုတ်နိုင်ငံရဲ့ မူလ နယ်မြေပိုင်နက် ဖြစ်တယ်။ အဲဒီကျွန်းတွေမှာ တရုတ်နိုင်ငံရဲ့ အဆောက်အဦ တည်ဆောက်မှုတွေနဲ့ လိုအပ်တဲ့ နယ်နိမိတ်ဆိုင်ရာ ကာကွယ်ရေး အဆောက်အဦတွေကို တည်ဆောက်တာသာဖြစ်ပြီး လုံးဝ ပုံမှန်အနေအထားသာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့သလို “တရုတ်နိုင်ငံက သူပိုင်တဲ့ကျွန်းတွေပေါ်မှာ လိုအပ်တဲ့ နယ်နိမိတ်ဆိုင်ရာ ကာကွယ်ရေး အဆောက်အဦတွေ ချထားတည်ဆောက်တာတွေ၊ ပုံမှန် အဆောက်အဦတွေကို တည်ဆောက်နေတာတွေကို  စစ်ရေးတည်ဆောက်တာလို့ သဘောထားမယ်ဆိုရင် တောင်တရုတ်ပင်လယ်ထဲမှာ ရေတပ်သင်္ဘောတွေ သွားလာနေတာကရော ဘာသဘောလဲ” လို့ ပြောခဲ့တာ တွေ့ရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတတာဝန်ကို စပြီးထမ်းဆောင်တော့မယ့် ရွေးချယ်တင်မြှောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ပြုမူဆောင်ရွက်မှုတွေကို ဝေဖန်ပြောဆိုခဲ့ပြီး တရုတ်ရဲ့ ငါမှငါ လုပ်နေတဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးခိုင်မာတဲ့ ချဉ်းကပ်မှုလုပ်မယ်လို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဟာ သူတည်ဆောက်ထားတဲ့ ကျွန်းတု ၇ ခုလုံးမှာပါ လက်နက်စနစ်တွေကို တပ်ဆင်နေတယ်လို့ မျက်စိကြီး နားကြီး နိုင်ငံတွေက အခိုင်အမာပြောနေကြတာ တွေ့ရပါတယ်။

AMTI ရဲ့ ဓာတ်ပုံတွေအရ အဲဒီကျွန်းတုတွေထဲက ကျွန်း ၃ ကျွန်းပေါ်မှာ စစ်ရေး အသုံးပြုနိုင်တဲ့ လေယာဉ်ကွင်းတွေ တည်ဆောက်ထားတယ်လို့လည်း ဆိုပါတယ်။ ခုတက်လာတော့မယ့် အမေရိကန်သမ္မတ ထရမ့်ဟာ ရန်လိုတဲ့သမ္မတ ဖြစ်လာလေမလားလို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ အကြောင်းကတော့ သူဟာ ပျံသန်းရေးနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပြန်ရေးမယ်လို့ ပြောခဲ့သလို အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတရပ် ဖြစ်တယ်လို့ သဘောထားပေးခဲ့တဲ့ ကာလရှည်ကြာ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်ကို ကပြောင်းကပြန် ဖြစ်သွားစေတယ်လို့ ပြောလို့ရနိုင်တဲ့ လုပ်ဆောင်ချက်ကတော့ ထိုင်ဝမ်သမ္မတရဲ့ တယ်လီဖုန်းကို ထရမ့်က လက်ခံနားထောင် စကားပြောခဲ့တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ဆစ်ဒနီတက္ကသိုလ် အမေရိကန်ပြည်ထောင်စု လေ့လာရေးဌာနက သုတေသနပညာရှင် အက်ရှ်လေထောင်းဆင်းကတော့ “ရွေးကောက်ပွဲကာလကတည်းက ကျနော်တို့ တွေ့မြင်ခဲ့ရတဲ့ လက္ခဏာတွေအရတော့ သူဟာ တရုတ်နိုင်ငံနဲ့ အားပြိုင်တဲ့နေရာမှာ ပိုပြီးရန်လိုတဲ့ သမ္မတတယောက် ဖြစ်မယ်လို့ ပြောလို့ရပါတယ်” လို့ ပြောကြားခဲ့ပြီး “သူ့ရဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ မူဝါဒတခုလုံးကို ကျနော်တို့ မသိသေးပေမယ့် သူ့ရဲ့အကြံပေး ပုဂ္ဂိုလ်တွေ အတော်များများကတော့ သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ မူဝါဒဟာ အားနည်းလွန်းတယ်လို့ ဝေဖန်ခဲ့ကြတဲ့သူတွေ ဖြစ်နေတယ်” လို့ ဖြည့်စွက်ပြောကြားခဲ့တာ တွေ့ရပါတယ်။

တချို့ကတော့ အခု စပရက်တလေကျွန်းစုတွေမှာ တည်ဆောက်နေတဲ့ စစ်ရေး အခြေချတပ်ဆင်မှုတွေအရ တရုတ်နိုင်ငံဟာ နှစ်မြှုပ်ပစ်လို့ မရနိုင်တဲ့ လေယာဉ်တင်သင်္ဘောကြီးတွေကို တည်ဆောက်နေတာပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့အဆိုအရ တရုတ်နိုင်ငံဟာ ၂၀၁၄ ခုနှစ် အစပိုင်းကတည်းက စပရက်တလေကျွန်းစုရဲ့ ဧက ၃၀၀၀ ကျော်ကို ပြန်တောင်းနေတာဖြစ်ပြီး ဗီယက်နမ်၊ မလေးရှား၊ ဖိလိပင်းနဲ့ ထိုင်ဝမ်နိုင်ငံတွေကလည်း သူတို့ပိုင်တယ်လို့ တောင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ စပရက်တလေကျွန်းနဲ့ ပထဝီအနေအထားအရ အနီးဆုံးဖြစ်တဲ့ ဖိလိပင်းနိုင်ငံကတော့ အဲဒီဒေသမှာ တပ်တွေချထားတာတွေ လုပ်ခဲ့ပြီး တောင်းဆိုမှုတွေ ပိုပြီးလုပ်လာခဲ့ပါတယ်။ နောက်ဆုံး နိုင်ငံတကာတရားရုံးအထိ တင်ပြ လျှောက်လဲခဲ့တဲ့အတွက် နိုင်ငံတကာတရားခုံရုံးက တရုတ်နိုင်ငံကို အရှုံးပေး ဆုံးဖြတ်ခဲ့တာကိုလည်း ကျနော့်ရဲ့ ရှေ့ဆောင်းပါးမှာ ရေးသား တင်ပြခဲ့တာကို အမှတ်ရကြဦးမယ် ထင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ပစိဖိတ်စစ်ဌာနချုပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒီအငြင်းပွားနေတဲ့ ရေပိုင်နက်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဘေဂျင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။

ဒီတောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုပြဿနာကို အပြည်ပြည်ဆိုင်ရာတရားရုံးက တရုတ်နိုင်ငံကို အရှုံးပေးလိုက်ပြီ ဖြစ်ပေမယ့် တရုတ်နိုင်ငံက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးဆိုပြီး ကန့်ကွက်၊ မလိုက်နာတာ တွေ့ရပါတယ်။ ခုတခါ ဒီကျွန်းတွေပေါ်မှာ ခုလို လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်တွေ ချထားတပ်ဆင်၊ လေယာဉ်ကွင်းတွေ တည်ဆောက်တာမျိုးတွေပါ လုပ်ဆောင်လာတဲ့အတွက် ပိုင်ဆိုင်မှုကို ယှဉ်ပြီး တောင်းဆိုခဲ့တဲ့ နိုင်ငံတွေနဲ့ ရှေ့မှာ အများကြီး ပဋိပက္ခ ဖြစ်လာနိုင်စရာရှိသလို နောက်တက်လာမယ့် အမေရိကန် သမ္မတရဲ့ ဒီကိစ္စအပေါ် တင်းမာတဲ့ သဘောထားများ ရှိလာခဲ့ရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာနိုင်တဲ့ကိစ္စ ဖြစ်လာမှာကို စိုးရိမ်နေရတဲ့ အခြေအနေဖြစ်နေပြီလို့ ပြောရင် မမှားလောက်ဘူးလို့ ထင်ပါတယ်။

ကျနော်တို့နိုင်ငံက စစ်တပိုင်း ဒီမိုကရေစီအစိုးရကတော့ ကိုယ့်ပြဿနာနဲ့ကိုယ် လုံးလည်ချာလပတ်ယမ်းပြီး နိုင်ငံတကာအရေးကိုလည်း အလေးဂရုပြုမိပုံမရတဲ့အကြောင်း။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013