DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် သွားလာရခက်ခဲသည့် ကျောင်းဆရာ၊ ဆရာမများကို ကြိုပို့ယာဉ်ဖြင့် အခမဲ့ပို့ဆောင်
DVB
·
December 20, 2016
Donate to DVB

ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ သွားလာရ ခက်ခဲနေတဲ့ ရန်ကုန်မြို့က ကျောင်းဆရာ၊ ဆရာမတွေကို မြန်မာ့လူမှုဘဝတိုးတက်မြင့်မားရေးအသင်းက ကြိုပို့ယာဉ်နဲ့ အခမဲ့ပို့ဆောင်ပေးနေ ပါတယ်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းတောက်လျှောက်မှာ ရှိတဲ့ အစိုးရကျောင်းတွေက ဆရာ၊ ဆရာမ ၁၀၀ ကျော်ဟာ နေ့စဉ် သွားလာရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။

အဲဒီသွားလာရေး အခက်အခဲကြုံနေရတာကို အစိုးရက ဖြေရှင်းမပေးနိုင်သေးတဲ့ ကာလ အတွင်းမှာ ဆရာ၊ ဆရာမတွေ အထိုက်အလျောက် အဆင်ပြေအောင် ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး အခမဲ့ ကြိုပို့ယာဉ်ကို စီစဉ်ပေးထားတယ်လို့ မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေး အသင်းမှ အတွင်းရေးမှူး ဦးနေမျိုးဇင်က ပြောပါတယ်။

“အစိုးရ လုပ်ရမယ့်အလုပ်ဆိုတာတော့ မှန်တယ်။ သို့သော်လည်း ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက် ဘယ်လောက်ရပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် ဘယ်လောက်ရတယ်ဆိုတာ ကမ္ဘာက သိနေတာပဲလေ။ အဲဒီတော့ ကျနော်တို့အသိစိတ်ဓာတ်နဲ့ ကျနော်တို့ပဲ ပညာရေး တိုးတက်မြင့်မားလာမှ စစ်ပွဲတွေ ရပ်မယ်။ ငြိမ်းချမ်းရေးတွေ ရမယ်။ တိုင်းပြည်လည်း တိုးတက်မယ်။ ဒီမိုကရေစီလည်း အခြေခိုင်မယ်။ အဲဒီတော့ ပညာရေးမဏ္ဍိုင်ကို ကျနော်တို့ ပြည်သူလူထုအားလုံးက ရတတ်သမျှ နေရာတွေက မိမိတို့ရဲ့ စိတ်ဓာတ်ရော၊ မိမိတို့ရဲ့ အိတ်ကပ်ကိုရော ပေါင်းပြီးတော့ ဝိုင်းကူပေးမှ ကျနော်တို့ လာမယ့်နှစ် ၂၀၊ စင်ကာပူနိုင်ငံကို ကျော်တက်မယ်ဆိုတဲ့ ကျနော်တို့ ခေါင်းဆောင်ရဲ့ ရည်မှန်းချက်ကို အောင်မြင်မှာ ဖြစ်ပါတယ်။”

ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဆရာ၊ ဆရာမတွေဟာ အမြန်လမ်းတောက်လျှောက်မှာရှိတဲ့ ကျောင်းတွေကို နေ့စဉ် သွားရောက်ဖို့ ရန်ကုန်မြို့တွင်းကတဆင့် အောင်မင်္ဂလာအဝေးပြေးကားဝင်းကို သွားကြရပါတယ်။

အဲဒီကမှတဆင့် အဝေးပြေးကားတွေကို စီးပြီး ကျောင်းနဲ့နီးစပ်ရာ မိုင်တိုင်တွေမှာ ဆင်းကြရပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ နီးစပ်ရာ မိုင်တိုင်တွေကနေ ဆိုင်ကယ်ကယ်ရီဖြစ်စေ၊ ကုန်းကြောင်းဖြစ်စေ ကျောင်းကို ရောက်အောင် သွားကြရတာ ဖြစ်ပါတယ်။

“ကျမဆိုရင် အိမ်ကနေ ၆ နာရီလောက်ကတည်းကစပြီး ထွက်တာပေါ့နော်။ ၆ နာရီလောက်ကတည်းက စထွက်ရင် အဝေးပြေး ၇ နာရီကားလောက် မီအောင် ကျမတို့ လာရတာပေါ့။ ကား နှစ်ဆင့်၊ သုံးဆင့်နဲ့ လာရတယ်။ တခါတလေကျလည်း အဝေးပြေးကား တော်တော်များများက တင်ပေးပါတယ်။ သူတို့မှာ ခရီးသည်တွေ ပြည့်နေရင်တော့ သူတို့အတွက်လည်း အခက်အခဲ ရှိတာပေါ့နော်။ ကျမတို့က လမ်းခုလတ် ဆင်းတာဆိုတော့ သူတို့အတွက်လည်း အများကြီး အခက်အခဲ ဖြစ်ပါတယ်” လို့ အ.မ.က (တောင်ချပ်) မှ ကျောင်းဆရာမ ဒေါ်ဝင်းသူထိုက်က ပြောပါတယ်။

“ပထမ ကျနော် အလုပ်ထွက်မယ်တောင် စဉ်းစားထားတယ်။ ကားရှိရင်တော့ ဆက်လုပ်လိုက်ဦးမယ်လို့ အတွေးတွေ ဝင်လာတယ်။ အခုလိုမျိုး စီစဉ်ပေးတော့ ကောင်းတာပေါ့ဗျာ။ ကားတစီးနဲ့ သွားရတာဆိုတော့ ဆရာ၊ ဆရာမတွေအတွက်လည်း အဆင်ပြေသွားတာပေါ့။ ရန်ကုန်ဂိတ်ကနေ ကျနော်တို့က ဘယ်လိုစီးရလဲဆိုတော့  ကားတွေက လူပြည့်ရင် ဟိုင်းဝေးတွေက တင်ချင်ပေမယ့် သူတို့မှာလည်း အခက်အခဲရှိတယ်။ အဲဒါမျိုးတွေရှိတော့ ကျနော်တို့ တခါတလေ အဆင်မပြေဘူး။ ကျောင်းနောက်ကျတာ ရှိတယ်။ စာမေးပွဲနေ့တွေမှာ ကျောင်းနောက်ကျတော့ တခါတလေမှာ ကျောင်းနဲ့ အဆင်မပြေတာတွေ ရှိတာပေါ့” လို့ အ.မ.က မူလွန် (နန်းဘိုကုန်း)မှ ကျောင်းဆရာ ဦးဇော်ထွန်းမောင်က ပြောပါတယ်။

မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းအနေနဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ သာမက ရန်ကုန်-ပဲခူးလမ်း၊ ရန်ကုန်-ပြည်လမ်းတွေက ဆရာ၊ ဆရာမတွေအတွက်လည်း အခမဲ့ ကြိုပို့ယာဉ်တွေ စီစဉ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013