DVB Logo
Home
မြန်မာသတင်း
မတည်ငြိမ်သည့် ငွေလဲနှုန်းကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ အကျပ်အတည်းတွေ့
DVB
·
December 20, 2016
မတည်ငြိမ်သည့် ငွေလဲနှုန်းကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ အကျပ်အတည်းတွေ့
Donate to DVB

ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်မှုမရှိတဲ့ အကျိုးဆက်ဟာ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေအတွက် အကျပ်အတည်းတွေ ရှိစေတဲ့အကြောင်း လုပ်ငန်းရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းက လက်ရှိအစိုးရသစ်လက်ထက်မှာ စံချိန်တင်အမြင့်ဆုံး ရှိနေတာပါ။ ဒါကြောင့် အခုလို နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်တဲ့ အကျိုးဆက်ဟာ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ ရှိစေတဲ့အကြောင်း သွင်းကုန်လုပ်ငန်းရှင်တဦးဖြစ်တဲ့ AA Group of Companies ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ထောက်ပြပြောပါတယ်။

“ငွေဈေးက တက်တဲ့အခါဆိုရင် Importer တွေအတွက်က အင်မတန်ခက်ပါတယ်။ ဘာလဲဆိုရင် ကိုယ်သွင်းလာတဲ့ပစ္စည်းတခုဟာ မှာယူရင်လည်း တလနဲ့ နှစ်လကြားတော့ ကြာတယ်။ သူတို့ Manufacture လုပ်တဲ့အချိန်ရယ်၊ သင်္ဘောတင်တဲ့အချိန်၊ ဆိပ်ကမ်းတင်တဲ့အချိန် ဒါတွေ တွက်ရပါတယ်။ နောက်ပြီးတော့ ကိုယ်ကလည်း သူတို့နဲ့စာချုပ်ပြီး ပစ္စည်းကိုအပ်တဲ့အခါ သူတို့ကို ပေးတဲ့ငွေဟာ နိုင်ငံခြားငွေဈေးတက်တဲ့အတွက် ဒီပစ္စည်းတခုကို ရောင်းလိုက်တာ အဲဒီငွေနဲ့ပဲ ပြန်ဝယ်တာ ဒီပစ္စည်း မရတော့ဘူး။ ဒီ့ထက်သေးတဲ့ပစ္စည်းတခု ဖြစ်သွားတယ်။ အဲဒီတော့ အရှုံးပေါ်တာ ဖြစ်ပါတယ်။”

မြန်မာကျပ်ငွေတန်ဖိုး အခုလို ကျဆင်းတာဟာ ပို့ကုန်လုပ်ငန်းတွေအတွက် တွန်းအားတရပ်ကိုတော့ ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ဒီတွန်းအားကလည်း ရုတ်ခြည်းခံစားနိုင်တဲ့ သက်ရောက်မှုမဟုတ်လို့ တည်ငြိမ်တဲ့ငွေလဲနှုန်းပဲဖြစ်ဖို့ လိုတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က သုံးသပ်ပြောပါတယ်။

“တွန်းအားတရပ် ဖြစ်လာနိုင်ပါတယ်။ ဒါက ရုတ်ခြည်းတော့ မဖြစ်ဘူးဗျ။ ဘာလို့လဲဆိုတော့ ပို့နိုင်တဲ့လူဘက်က ချက်ချင်းကြီး ပို့နိုင်ပေမယ့် ထုတ်လုပ်တဲ့လူဘက်က အချိန်တခု လိုတယ်။ အဲဒီထုတ်လုပ်မှုကို မြှင့်ဖို့အတွက်ကျတော့ ချက်ချင်းကြီး မြှင့်လို့မရဘူး။ ထုတ်လုပ်မှုကာလ အချိန်တခု ပေးရမယ်ဆိုတဲ့အခါကျတော့ အဲဒီကာလအထိအောင် ဈေးက ငြိမ်နေဖို့ လိုတယ်။ အခုဈေးနဲ့ကိုက်တယ်ဆိုပြီး ကျနော်တို့က ထုတ်လုပ်မှုကို မြှင့်လိုက်တယ်။ ထုက်ကုန်တွေ ထွက်တဲ့အချိန်လည်းကျရော ငွေဈေးက ပြန်ကျပြီးတော့ ထုတ်လုပ်မှုရဲ့စရိတ်နဲ့ မကိုက်တော့ဘူး၊ အကျိုးအမြတ်မရှိတော့ဘူးဆိုရင် စိတ်ပျက်သွားပြီးတော့ ထုတ်လုပ်မှုကို သွားထိခိုက်ပြန်ရော။”

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ဝင်ရောက်ထိန်းနိုင်ဖို့အတွက် နည်းလမ်းရှာ ဆောင်ရွက်နေပေမယ့် သိသာတဲ့ပြောင်းလဲမှုတော့ မရှိသေးပါဘူး။

ဗဟိုဘဏ်က ဒီဇင်ဘာလ ၁၉ ရက်နေ့အတွက် သတ်မှတ်ပေးတဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ၁၃၇၀ ကျပ်ရှိပြီး ငွေလဲကောင်တာတွေမှာတော့ ၁၃၈၅ ကျပ် အဝယ်ရှိပြီး ၁၄၀၀ ကျပ် အရောင်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013