DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဝတ်စုံဝတ် တပ်မတော်ထောက်ခံပွဲကို ကချင်လူငယ်များ ကန့်ကွက်ရှုတ်ချ
DVB
·
December 19, 2016
တိုင်းရင်းသားဝတ်စုံဝတ် တပ်မတော်ထောက်ခံပွဲကို ကချင်လူငယ်များ ကန့်ကွက်ရှုတ်ချ
Donate to DVB

မနေ့က ရန်ကုန်မြို့မှာ ကျင်းပသွားတဲ့ မြန်မာ့တပ်မတော်ထောက်ခံပွဲမှာ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်မှုကို ကချင်လူငယ်အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ရှမ်းပြည်နယ်အခြေစိုက် Kachin Youth Organization - Shan State က ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

ယမန်နေ့က ဆန္ဒထုတ်ဖော်ပွဲမှာ ကချင်ဝတ်စုံ ဝတ်ဆင်ထားသူတွေဟာ ကချင်အစစ်မဟုတ်ကြောင်း စုံစမ်းသိရှိရပြီး ကချင်လူမျိုးတို့ရဲ့ သဘောဆန္ဒအမှန် မဟုတ်တဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ကိုဇော်ဘာက ပြောပါတယ်။

“ကချင်ဝတ်စုံအကြောင်း နားမလည်တဲ့သူဝတ်တာနဲ့ နားလည်တဲ့ ကချင်တွေဝတ်တာနဲ့ တခြားစီ၊ အများကြီးကွာတယ်။ ရန်ကုန်မှာရှိနေတဲ့ ကျနော်တို့သူငယ်ချင်းတွေ အဲဒီမှာ သွားစကားပြောကြည့်တော့ လုံးဝကချင်မဟုတ်တဲ့လူတွေ ဖြစ်နေတယ်။ သူတို့က ကချင်လည်းမဟုတ်ဘူး။ ကချင်ဝတ်စုံက ကျနော်တို့ တမျိုးသားလုံးရဲ့ဝတ်စုံ၊ ကျနော်တို့ကချင်ရဲ့ ခွင့်ပြုချက်လည်းမယူဘဲ ဒီတိုင်းဝတ်ပြီးတော့ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ အဲလိုမျိုးဟာကို ပြောမယ်ဆိုရင် ကျနော်တို့ တမျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကိုလည်း ထိသလို ပြီးတော့ ကျနော်တို့ တိုင်းရင်းသားအချင်းချင်းကြားထဲမှာလည်း နားလည်မှုတွေ လွဲသွားစေတယ်။ ပြီးရင် ကျနော်တို့ ကချင်လူထုကြားထဲမှာလည်း နားလည်မှုတွေ အများကြီး လွဲသွားစေတယ်။ ကချင်ပြည်မှာ ဒီလောက်လာပြီး ထိုးစစ်ဆင်နေတာကို ကချင်တချို့က ထောက်ခံနေသလားဆိုပြီး အထင်လွဲမှားစေတယ်။”

ကချင်လူငယ်အဖွဲ့အစည်းအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံပြီး နိုင်ငံရေးပြဿ နာကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းခြင်းကို ထောက်ခံကြောင်း၊ စစ်ရေးဖြင့် ဖြေရှင်းခြင်းဖြင့် ဒေသခံပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့ရတဲ့အတွက် ထိုးစစ်တွေကို လုံးဝရပ်တံ့ပေးဖို့ တောင်းဆိုကြောင်းလည်း ကချင်လူငယ်အဖွဲ့က ပြောပါတယ်။

အလားတူ မနေ့က ရန်ကုန်မှာကျင်းပတဲ့ တပ်မတော်ထောက်ခံပွဲမှာ ရှမ်းတိုင်းရင်းသား ၀တ်စုံ ၀တ်ဆင်တာလည်းတွေ့ရပြီး ဒါဟာလည်း တကယ့်ရှမ်းလူမျိုးက ၀တ်ဆင်နေတာ မဟုတ်ကြောင်း၊ ရှမ်းလူမျိုးတွေကတိုက်ပွဲကို မထောက်ခံကြောင်း တောင်ကြီးမြို့ ရှမ်းစာပေယဉ်ကျေးမှုအသင်း အလုပ်အမှုဆောင် နန်းနွန်းမိုကလည်း ပြောပါတယ်။

“ဒါက ရည်ရွယ်ချက်တစ်ခုအတွက် ပုံဖော်တဲ့ ဆန္ဒပြပွဲလို့ဘဲ မြင်ပါတယ်။ သူတို့ ၀တ်ထားတဲ့ ရှမ်း ၀တ်စုံဆိုတာ ရှမ်းပုံစံမပေါက်ဘူး။ ခေါင်းပေါင်းပေါင်းထားတာကို ကြည့်လိုက်တာနဲ့ သိတယ်။ ကျမတို့ ရိုးရာဝတ်စားဆင်ယင်မှုနဲ့ မညီညွတ်ဘူး။ တကယ်သိရှိနားလည်သူတွေအတွက်တော့ ရယ်စရာဘဲ၊ ပြီးတော့ ကျမကိုယ်တိုင် စစ်ဒဏ်ခံခဲ့ရတယ်၊ စစ်ရဲ့ခါးသီးမှုတွေ ကောင်းကောင်းသိတယ်။ ကျမ တို့ရှမ်းပြည်သူတွေက ငြိမ်းချမ်းရေးကိုဘဲ လိုလားပါတယ်၊ စစ်ကိုမလိုလားဘူး။ တိုက်ပွဲတွေကို မထောက်ခံဘူး။”

ပြီးခဲ့တဲ့ နိုဝင်ဘာလက ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ မုံးကိုးဒေသမှာ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အမ်အန်ဒီအေအေ နဲ့ အေအေ စတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ စစ်မျက်နှာဖွင့်ပြီး စစ်စခန်းနဲ့ ရဲစခန်းတွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာက မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ၀ိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ ကေအိုင်အေရဲ့အမာခံ တပ်စခန်းတွေကို တပ်မတော်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရန်ကုန်မှာ ဒီဆန္ဒပြပွဲပေါ်ပေါက်ခဲ့တာပါ။
မြန်မ့ာတပ်မတော်ကိုထောက်ခံကြိုဆိုတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက တိုင်းရင်းသား ၀တ်စုံတွေဝတ်ဆင်ကာ တပ်မတော်စစ်ချီတေးသီချင်းတွေကိုဖွင့် ရန်ကုန်မြို့လယ်မှာ လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လွှတ်တော်အမတ်ဟောင်းတွေကလည်း ဟောပြောခဲ့ကြ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013