
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၅) မြေနီကုန်းရပ်၊ တမာအိုင့် ချောင်းကုန်းတက်အနီး မိုင်တိုင်အမှတ် ၄၀၅/၇ နဲ့ ၄၀၆/၀ ကြားမှာ ဒီဇင်ဘာ ၁၈ ရက်ည ၁၂ နာရီခွဲက စက်ပျက်ပြီး ရပ်ထားတဲ့ တွဲကားနဲ့ ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ သေဆုံးသွားခဲ့ပါတယ်။
ချောက် မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် ဟိန်းရာကျော် အဖွဲ့က သက်သေတွေနဲ့အတူ ဆိုင်ကယ် တိုက်တဲ့နေရာကို သွားရောက်စစ်ဆေးရာ ချောက်ဂွေးချို ကားလမ်း တမာအိုင့်ချောင်း ကုန်းတက် အနီးမှယ ဂွေးချိုကနေ ချောက်မြို့ဘက် သော်ဇင်ဝင်း စီးနင်းလာတဲ့ ဆိုင်ကယ်ဟာ စက်ပျက်ပြီး တွဲကား ရှေ့နောက်မှာ သစ်ကိုင်းတွေချပြီး လမ်းဘေးယာဘက် ကပ်ရပ်ထားတဲ့ တွဲယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ သော်ဇင်ဝင်း ဦးခေါင်းဒဏ်ရာ၊ ဝဲယာနား/နှာခေါင်းသွေးထွက်၊ ပါစပ်သွေးထွက်၊ ဝဲမျက်ခုံးပေါက်ပြဲ၊ တံတောင်ဆစ်ကြိုး၊ဝဲပါးဖူးရောင် ဒဏ်ရာတို့နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ရပ်ထားတဲ့ယာဉ်ကို နောက်မှ ဝင်တိုက်သေဆုံးသူ သော်ဇင်ဝင်းကို ဥပဒေအရ အရေးယူပေးဖို့ ဒုရဲအုပ် ဟိန်းရာကျော်မှ တရားလိုပြု တိုင်တန်းတဲ့အတွက် ချောက်မြို့ အမှတ် (၁၃) အေးရပ်နေ အသက် ၂၇ နှစ်အရွယ် သော်ဇင်ဝင်းကို ချောက်မြို့မ ရဲစခန်း ယာဉ်(ပ) ၃၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။











