
ရေဘေးဒုက္ခကြုံနေရတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင်အရပ်သား ၄ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၁ ရက် မနက်ပိုင်း ၅ နာရီကျော်လောက်က လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင် အမျိုးသမီးတယောက်နဲ့ အမျိုးသား ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူက “ဗုံးကြဲခံရတာကြောင့် ဒဏ်ရာရတဲ့သူတွေက စစ်ရှောင်တွေချည်းပဲ။ ပန်းတောကြီးနဲ့ တဆက်တည်း စက်စက်ယိုရွာကို ဗုံးကြဲချသွားတာ။ အမျိုးသမီးတယောက်က ဒဏ်ရာအတော်ပြင်းတယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်မိစိန် (ပြင်းထန်)ဒဏ်ရာရရှိသူ အပါအဝင် အသက် ၃၀ နဲ့ ၄၀ အရွယ် အမျိုးသား ၃ ယောက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
စစ်ဘေးရှောင် မိသားစုဝင်တယောက်က “စစ်ရှောင်တွေနေတဲ့ တဲပေါ် လာကျတာ။ စစ်ရှောင်တဲအိမ် ၃ လုံးလည်း ပျက်စီးသွားတယ်။ ဒီဘက်ကို အခုလိုလုပ်မယ်လို့ မထင်မိဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပန်းတောကြီးကျေးရွာနဲ့ တဆက်တည်း စက်စက်ယိုကျေးရွာကို ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းက ဗုံးကြဲချခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေဟာ စက်စက်ယိုကျေးရွာမှာနေတဲ့ စစ်ဘေးရှောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တဲ့ စက်စက်ယိုကျေးရွာက ၂၀၂၅ ခုနှစ်ကတည်းက တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်က ယာယီထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေက စိုးမိုးထားပေမဲ့ တပ်စခန်းချ နေထိုင်တာ မရှိဘူးလို့ ဆိုပါတယ်။










