DVB Logo
Home
မြန်မာသတင်း
ဂျပန်စစ်သားများ၏ အရိုးရှာဖွေရန် တိုင်းရင်းသားပါတီများ ကူညီမည်
DVB
·
December 18, 2016
ဂျပန်စစ်သားများ၏ အရိုးရှာဖွေရန် တိုင်းရင်းသားပါတီများ ကူညီမည်
Donate to DVB

မြန်မာ့မြေပေါ်မှာ ကျဆုံးခဲ့တဲ့ ဂျပန်စစ်သားတွေရဲ့အရိုးတွေကို လိုက်လံကောက်ယူသွားဖို့ ဂျပန်စစ်မှု ထမ်းဟောင်းအသင်းကြီးနဲ့ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တို့ နားလည်မှုစာချွန် လက်မှတ်ထိုးလိုက်ပါတယ်။

ဂျပန် စစ်မှုထမ်းဟောင်းအသင်းကြီး (JBVA) အဖွဲ့နဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အများစုပါဝင်တဲ့ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တို့ ၆ လလောက် ညှိနှိုင်းဆွေးနွေးပြီး အခုလို အရိုးကောက်ရတာလို့ မဟာမိတ်အဖွဲ့ကဆိုပါတယ်။

အရိုးကောက်ရာမှာ စစ်ပွဲအတွင်း ဂျပန်စစ်သားတွေ အများဆုံးကျဆုံးတဲ့ တိုင်းရင်းသားဒေသတွေကို အဓိကထားပြီး အရိုးကောက်မှာဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးတွေပါဝင်တဲ့ ဒီမဟာမိတ်အဖွဲ့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ကောက်ခံရတာလို့  ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“ဦးတို့အနေနဲ့ကတော့ သူတို့ကို ကူညီချင်တယ်။ သို့သော်လည်းပဲ နိုင်ငံတော်မှာ ဦးတို့လိုမျိုး MOU ထိုးလို့ရမရ နိုင်ငံရေးပါတီတွေ ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဦးတို့ကတော့ UNA အဖွဲ့အနေနဲ့ ဆိုတာထက်တော့ UNA ရဲ့ လူမှုရေးအဖွဲ့ဆိုပြီးတော့ သူတို့ကို ကူညီလို့ရအောင်ပေါ့နော်။ လူမှုရေးအဖွဲ့ တခုကနေပြီးတော့ ဖွဲ့ပြီးတော့မှ သူတို့နဲ့ ဒီဟာကို ထုတ်ဖို့ဆုံးဖြတ်ခြင်းဖြစ်ပါတယ်။”

အရိုးလိုက်လံမကောက်ခံခင် တိုင်းရင်းဒေသတွေကို အရင်ဆုံးတနှစ်လေ့လာ စစ်တမ်းကောက်သွားမှာ ဖြစ်ပါတယ်။ စစ်တမ်းတနှစ်ကောက်သွားပြီးမှ ဂျပန်နိုင်ငံက ပညာတွေလာရောက်ပြီး အရိုးကောက်သွားမှာ ဖြစ်ပါတယ်။

“UNA က တိုင်းရင်းသား ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ အခါကျတော့ တိုင်းရင်းသားပါတီတွေက မြန်မာနိုင်ငံရဲ့ နယ်စပ်တလျောက်လုံးမှာ ရှိနေတယ်လေ။ ရှိနေတဲ့အခါကျတော့ ဂျပန်အရိုးကောက်အဖွဲ့ အနေနဲ့ အရိုးကောက်ဖို့ဆိုရင် တိုင်းရင်းသားဒေသတွေကို သွားတဲ့အခါမှာ ပိုမိုပြီးတော့ လွယ်ကူအောင်ဆို ပြီးတော့ UNA နဲ့ပဲ စ စကားပြောကြတာပေါ့။” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး  ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ဂျပန်လူမျိုးတွေရဲ့ ဓလေ့အရ သေဆုံးသူတွေဟာ မိမိဒေသဖြစ်တဲ့ ဂျပန်နိုင်ငံမှာသာ အရိုးမြှုပ်နှံရတာဖြစ်တဲ့အတွက် အခုလို အရိုးကောက်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှာ တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီတွေ ပါဝင်တာကြောင့် အရိုးကောက်အဖွဲ့ သွားရောက်မယ့်ဒေသက နိုင်ငံရေးပါတီတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013