DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေ
DVB
·
December 18, 2016
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေ
Donate to DVB

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေအကြား စစ်ပွဲတွေရပ်တန့်ဖို့ကိစ္စ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့  ညှိနှိုင်းနေတယ်လို့ စုံစမ်းသိရပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေ  တရုတ်နိုင်ငံ  ကူမင်းမြို့မှာ ဒီရက်ပိုင်းအတွင်း တွေ့ဆုံဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တီအန်အယ်လ်အေတပ်ဖွဲ့က  အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်ကတော့ အစိုးရနဲ့ တွေ့ဆုံဖို့ နေ့ရက်အချိန်နဲ့ နေရာအတည်မပြုနိုင်သေး ဘဲညှိနှိုင်းနေဆဲပဲလို့ ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ညှိနှိုင်းနေတာ၊ ရက်သေချာမသိသေးပါဘူးခင်ဗျ။ တွေ့ဖို့ညှိနှိုင်းနေကြဆဲပဲ။ ဒါပေမယ့် ညှိနှိုင်းဖို့တချို့ အချက်အလက်တွေကျန်နေတော့ တွေ့ဖို့ရက်က မသတ်မှတ်ရသေးပါဘူး။ အဓိကကတော့ ကျနော်တို့ ၄ ဖွဲ့စလုံး ပေါင်းပြီးတွေ့တဲ့အချိန်မှာ ကျနော်တို့ မဟာမိတ်ဝအဖွဲ့ကိုလည်း ကျနော်တို့ သက်သေအဖြစ် ထိုင်စေချင်တယ်။ မြန်မာကိုယ်စားလှယ်ဖက်က ပေးမထိုင်ချင်ဘူး ။ ဒီအတိုင်းပဲ ရိုးရိုးပဲတွေ့ဖို့၊  အလွတ်သဘောပဲဆိုပြီးတော့ အဲဒါညှိနှိုင်းနေကြဆဲပါပဲ”

အစိုးရကိုယ်စားလှယ်ဘက်ကလည်း သူတို့ကြားထဲမှာ ညှိနှိုင်းပြီးမှ ပြန်အကြောင်းပြန်မယ်လို့ တုံ့ပြန်ထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ကတော့ ၀တပ်ဖွဲ့ပါမှဆွေးနွေးမယ်လို့ အစိုးထံ အဆိုပြုထားတယ်လို့ ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောပါတယ်။

“၀က ပါဖို့ဆိုတာ ကျနော်တို့ ဘေးမှာထိုင်ပြီးတော့ နားထောင်ဖို့ဘဲ ကျနော်တို့ ပြောတာပါ။ ဒီဖြစ်စဉ်ထဲမှာဝကလည်း လက်နက်ကိုင်အဖွဲ့အစည်းတခုဆိုတော့ သူမပါလာလို့လည်းမရဘူးလေ၊ တိုက်ပွဲတွေဖြစ်နေတော့။ တိုင်းရင်းသားတွေအနေနဲ့ ကျနော်တို့က အကုန်လုံးပါစေချင်တာပါ။ ကျနော်တို့ ဘက်ကတော့ ငြိမ်းချမ်းရေးကိုလိုလားလို့ ဆွေးနွေးချင်တယ်။  ဆွေးနွေးဖို့လိုတယ်လို့ ကျနော်တို့ ပြောတာပါ။ ကျနော်တို့ဘက်ကတော့ အမြဲတမ်းအဲလို ဆန္ဒရှိပြီးပြောထားပြီး သားဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရဘက်က ကျနော်တို့ကို ဟိုလူနဲ့ မတွေ့ချင်ဘူး ဒီလူနဲ့ မတွေ့ချင်ဘူး တဖွဲ့ချင်းပဲတွေ့ချင်တယ် ဒီလိုပြောနေတာပါ။”

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ ပစ်ခတ်တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကလည်း  ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

အမည်မဖော်လိုတဲ့ အစိုးရငြိမ်းချမ်းရေး တာဝန်ရှိသူတဦးကတော့ ငြိမ်းချမ်းရေးေ ဆွးနွေးပွဲတွေကို ဆက်ပြီးဆောင်ရွက်ဖို့ အစိုးရမှာ မူဝါဒရှိတဲ့အကြောင်း၊   အချို့အဖွဲ့အစည်းတွေနဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေပြန်စဖို့ရှိနေပေမယ့် ရက်တိအကျသတ်မှတ်ထားခြင်းမရှိဘဲ  ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရကိုယ်စားလှယ်တွေဘက်က အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ ၃ ဖွဲ့ နဲ့သာတွေ့လိုပြီး  ကေအိုင်အေနဲ့တွေ့ဖို့ လက်မခံတဲ့အတွက် ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစလို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက မူဆယ်နဲ့ မုံးကိုး အပါအ၀င်  ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်   ရှမ်းပြည်လွှတ်တော်မှာ  မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေ အဖြစ်သတ်မှတ်ထားပါတယ်။

ဒီအတောအတွင်း  မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကေအိုင်အေရဲ့ အမာခံတပ်စခန်းတွေကို အစိုးရတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ  ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013