
ပဲခူးတိုင်း ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာ အရက်မူးနေတဲ့ဘုန်ကြီး ဓားနဲ့ခုတ်လို့ ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးနန္ဒဝံသ သြဂုတ် ၅ ရက်မနက် ၂ နာရီမှာ ပျံလွန်တော် မူသွားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
သြဂုတ် ၃ ရက် ည ၁၁ နာရီခွဲက အောင်သိုက်ကန်ဘုန်းကြီးကျောင်းမှာ အရက်မူးပြီး ဓားကိုင် သောင်းကျန်းနေတဲ့ ဘုန်ကြီးဦးမာဏိတကို ဆရာတော်ဦူနန္ဒဝံသက ဖျောင်းဖျပြောဆိုရာမှ ဓားနဲ့ ခုတ်ခံရတာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“ညအချိန်မတော်ကြီး ဘုန်းကြီးဦးမာဏိ မူးပြီး ဓားနဲ့သောင်းကျန်းနေလို့ ဆရာတော်ကသွားပြီး ဖျောင်းဖျပြောဆိုတာကို ဓားမနဲ့ ခေါင်းတွေ၊ လည်ပင်းတွေ၊ လက်တွေ၊ ပခုံးတွေကို ခုတ်တာ ညတွင်းချင်း ပဲခူးဆေးရုံပို့ရတယ်။ ဆေးရုံကမနိုင်တာ ရန်ကုန်ဆေးရုံကြီးကို ချက်ချင်းမလွှဲဘဲ အချိန်ဆွဲနေတော့ ဒီနေ့မနက် ပျံလွန်တော်မူသွားတယ်။”
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးမှာ သက်တော် ၇၆ နှစ် ဝါတော် ၃၅ ဝါရှိ အောင်သိုက်ကန် ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးနန္ဒဝံသ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓားနဲ့ခုတ်ခဲ့တဲ့ ဘုန်းကြီးဦးမာဏိတကို စစ်အာဏာရှင်လက်အောက်ခံရဲတွေက သြဂုတ် ၄ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးရမိခဲ့ပြီး လူဝတ်လဲအရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဓားနဲ့ခုတ်တဲ့ ကိုယ်တော်က ငယ်ဖြူမဟုတ်ဘူး။ ခေတ်မကောင်းတာရယ်၊ အနေစားချောင်တာ ကြောင့် ဘုန်းကြီးလာဝတ်နေတာဆိုတော့ ရပ်ကွက်ထဲအတိုင်း သောက်စားပြီး မူးလားတော့ ဇာတိ ပြပြီး လူသတ်မှုဖြစ်တာ။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ဦးမာဏိတ (ခ) မျိုးဇော် ကို ပဲခူးမြိုနယ်ရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။










