
လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ သီရိ(၅)လမ်းရှိ တိုက်ခန်းမြေညီထပ်တခုမှာ နိုင်ငံခြားဖြစ်အရက်မျိုးစုံအား ရောစပ်အတုပြုလုပ်နေသူတွေကို ဖမ်းဆီးမိခဲ့ပါတယ်။
နိုင်ငံခြားဖြစ်အရက်မျိုးစုံအား ရောစပ်အတုပြုလုပ်နေကြောင်းသတင်းအရ ဒီဇင်ဘာ ၁၅ ရက်နေ့က လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ အထွေထွေအပ်ချုပ်ရေးဦးစီဌာနမှ ဒုတိယဦးစီးမှူးပါဝင်သော အဖွဲ့တို့ဟာ သက်သေတွေနဲ့ ၀င်ရောက် ရှာဖွေဖမ်းဆီးတယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တာဝန်ရှိသူတွေ ၀င်ရောက်ရှာဖွေရာ ထပ်ခိုးပေါ်မှာ Cruiser အမျိုးအစားအရက်နဲ့ Columbus အမျိုးအစား အရက်တွေကို ရောစပ်ပြီး High Commisioner ပုလင်းခွံအလွတ်တွေထဲ ထည့်သွင်းနေတဲ့ သိန်းထွန်း ၂၉ နှစ်၊ သိန်းဇော် ၁၉ နှစ်၊ ၀င်းလတ် ၂၁ နှစ်၊ အောင်ဝင်းခိုင်၊ ၂၀ နှစ်၊ ခန့်လင်းအောင် ၁၉ နှစ်နဲ့ ကျော်သူလွင် ၁၉ နှစ်တို့ ၆ ဦးတို့အား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအခန်းအတွင်း ထပ်မံရှာဖွေခဲ့ရာ Dunfife, Red Lable, Black Lable, Glan Master, JB, Cruiser, High Commisioner, Columbus အမျိုးအစား စတဲ့ အရက်ဖာစုစုပေါင်း ၁၉၃ ဖာနဲ့ High Commisioner ထည့်လက်စအရက်ပုလင်း ၃၇ လုံး၊ အရက်ရောစပ် ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ အရက်ပုလင်းခွံတွေ၊ ဘောက်ချာစာအုပ် နဲ့ စာရင်းစာအုပ်တွေအပါဝင် ငွေကျပ် ၁ သိန်း ၃ သောင်းတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့ပါတယ်။
အရက်တုတွေနဲ့အတူ ဖမ်းမိတဲ့ သိန်းထွန်းပါ ၆ ဦးတို့ကို ပိတောက်ချောင်းနယ်မြေ ရဲစခန်း(ပ)၅၇၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။











