DVB Logo
Home
Lead Story
သက်ငယ်မုဒိမ်းမှုအတွက် သီးခြားပြဋ္ဌာန်းထားတဲ့ဥပဒေဆိုတာ ရှိမနေဘူး - မခင်လေး
DVB
·
December 17, 2016
သက်ငယ်မုဒိမ်းမှုအတွက် သီးခြားပြဋ္ဌာန်းထားတဲ့ဥပဒေဆိုတာ ရှိမနေဘူး - မခင်လေး
Donate to DVB

မြန်မာနိုင်ငံမှာ အခုတလော အဖြစ်များလာတဲ့ သက်ငယ်မုဒိမ်းကိစ္စ၊ အမျိုးသမီး အကြမ်းဖက်မှုကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ အဲဒါတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ အသိပညာပေးမှုတွေ လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားသူ မခင်လေးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ပထမဆုံး အခုလက်ရှိ ရန်ကုန်မှာတောင် မကဘူး၊ မြန်မာနိုင်ငံ နေရာအနှံ့ တော်တော်များများမှာ ဖြစ်ပေါ်နေတာ သက်ငယ်မုဒိမ်း၊ အမျိုးသမီး အကြမ်းဖက်မှုကိစ္စတွေ ပိုပြီးဖြစ်ပွားလာနဲ့ ပတ်သက်ပြီးတော့ အစ်မရဲ့ ထင်မြင်သုံးသပ်ချက်လေး စပြီး ပြောပြပေးပါဦး။

ဖြေ - အဲဒါက တော်တော်ကို စိုးရိမ်စရာ ဖြစ်နေတယ်ပေါ့နော်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေက အရင်ကတည်းက အစဉ်အဆက် ရှိခဲ့တာဟုတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ မီဒီယာတွေက ပွင့်လင်းလာတာလည်း ပါတယ်။ လူတွေကလည်း အသိအမြင်တွေ ဖွင့်တဲ့အတွက် ပိုပြီး တိုင်ကြားမှုတွေရှိလာတာလည်း ပါပေမယ့် နှုန်းကတော့ ပိုပိုမြင့်လာတယ်လို့ ပြောလို့ရတယ်။ ကျမ နေ့စဉ်ထုတ်သတင်းစာတခုကနေ ကောက်နုတ်ပြီး ပြောရမယ်ဆိုရင် ၂၀၁၅ မှာ သက်ငယ်မုဒိမ်းမှုက ၃၀၀ ပတ်ဝန်းကျင်ပဲ ရှိပြီးတော့ ၂၀၁၆ မှာ ၁၀ လပိုင်းထိပဲ ယူထားတာမှာဆို ၃၈၀ ဖြစ်နေပြီပေါ့။ နောက်တခါ အမျိုးသမီးငယ်တွေ ၄ ရက်မှာ ၁ ယောက်နှုန်းလောက် လိင်အကြမ်းဖက်မှုတွေ ခံနေရတယ်ဆိုတာမျိုး စစ်တမ်းထုတ်ထားတာ တွေ့ရတယ်ဆိုတော့ ဒါက တကယ်လက်တွေ့ သက်သေသက္ကာယနဲ့ ထုတ်ထားတဲ့ စစ်တမ်း ဖြစ်တယ်။ ဒါ့အပြင် ဒီလိုမျိုး လူသိရှင်ကြား ပြောတာဆိုတာ မဟုတ်ဘဲနဲ့၊ တိုင်ကြားမှုမရှိဘဲနဲ့ သူ့ဘာသူ ဖြေရှင်းလိုက်တာ ဘယ်နှမှုရှိနေမလဲဆိုတာ မသိရဘူး။ ဒါ ကိန်းဂဏန်းအရေအတွက်ကို ကြည့်ရင် သိပ်ကိုစိုးရိမ်စရာကောင်းတဲ့ အနေအထား ဖြစ်နေတယ်။

အဲဒီတော့ ဒါတွေကို ဘာလို့ဖြစ်လဲပြောရင်တော့ အကြောင်းအရင်းက အများကြီး ရှိတယ်ပေါ့နော်။ ကျမတို့ အမျိုးသမီးအရေး လုပ်တဲ့သူတွေ၊ ကျား၊ မ တန်းတူညီမျှမှုလုပ်တဲ့သူတွေရဲ့ အဓိက ကောက်ချက်ကတော့ အရင်အစဉ်အဆက်ကတည်းက ကျမတို့ အမျိုးသမီးနဲ့ အမျိုးသားက ပါဝါမတူဘူး။ အမျိုးသမီးကို နိမ့်ပြီးတော့ ဆက်ဆံကြတယ်။ တဆင့်နှိမ့် ဆက်ဆံကြတဲ့အခါမှာ ဒီလို ပါဝါမတူတဲ့အခါမှာ အမျိုးသားတွေရဲ့စိတ်ထဲ အမျိုးသမီးဆိုရင် ဘာလုပ်လုပ်ရတယ်။ အမျိုးသမီးက အမျိုးသားတွေလုပ်သမျှ၊ ပြုသမျှ ခံရမယ်။ အိမ်တွင်းမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ်ပေါ့နော် ခံရမယ်။ ဒီရဲ့အစွဲနဲ့၊ အယူအဆနဲ့ တဆင့်ဆင့်ဖြစ်လာတဲ့ အမျိုးသမီးအပေါ် အကြမ်းဖက်မှု ဖြစ်တယ်။ ဥပမာအားဖြင့် အိမ်ထဲမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေကို ရိုက်နှက်ရင် ကျမတို့က သွားရောက်တိုင်ကြားတာလည်း မရှိခဲ့ဘူး။ ရဲကလည်း ချက်ချင်း ရောက်လာပြီးတော့ လင်မယား ရန်ဖြစ်တဲ့အတွက် ဖြေရှင်းပေးတယ်ဆိုတာမျိုးကလည်း သိပ်အားနည်းခဲ့တယ်။ အဲဒီလိုဟာမျိုးတွေကနေ တဆင့်တဆင့်နဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုက ပိုပြီးတော့ များလာတယ်။ အစဉ်အဆက် အဘိုး အဘွားတွေ လက်ထက်ကနေ သားသမီး မြေး မြစ်တွေအထိ အိမ်မှာ အမေကို အဖေက ရိုက်နှက်နေတာမျိုးပဲ ဖြစ်ဖြစ်၊ စကားလုံးနဲ့ပဲ ဖြစ်ဖြစ် ညှဉ်းပန်းနှိပ်စက်မှုတွေဟာ နေ့စဉ်ဘဝမှာ အသားကျနေတော့ ဒါက အထူးအဆန်းလို့ မထင်တော့ဘူး။ ဒါက ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ နှိပ်စက်မှုလို့ မထင်တော့ဘဲနဲ့ သားသမီးတွေလက်ထက် ရောက်တော့လည်း ဒါက လုပ်သင့်တယ်၊ လုပ်လို့ရတယ်ဆိုတဲ့ အယူအဆအစွဲနဲ့ တောက်လျှောက်ဖြစ်လာတယ်။ ကျင့်သုံးတာ ဖြစ်တယ်။

ဒါပေမယ့် အခုခေတ်က ပိုပိုများလာတယ်ဆိုတဲ့အခါမှာ ဒါကို ပြန်သုံးသပ်တဲ့အခါမှာ အဓိကအကြောင်းရင်းကတော့ အမျိုးသမီးဆို ဘာလုပ်လုပ် လုပ်လို့ရတယ်ဆိုတဲ့ ယူဆထားတဲ့ကိစ္စ ဖြစ်တယ်။ အမျိုးသမီးတွေကိုလုပ်ရင် အန္တရာယ်မရှိဘူး၊ ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောက အဓိကအချက်ပေါ့။ နောက် ဒုတိယအချက်ကတော့ မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေက ပိုပြီးတော့ လွယ်လင့်တကူ ရလာတယ်။ ရလာတဲ့အပြင် အရင်ခေတ်ကလည်း အရက်သေစာ၊ မူးယစ်ဆေးဝါး မရှိဘူးလားဆို ရှိပါတယ်။ ဒါပေမယ့် ဒီလောက်ထိ ပေါပေါ လက်လွတ်စပယ် မရဘူး။ ခုက မုန့်ပဲသရေစာ ဝယ်သလိုပဲ မူးယစ်ဆေးဝါးက ဝယ်လို့ရနေတယ်၊ ရပ်ရွာထဲမှာ။ အရက်ဆိုင်ဆိုတာလည်း လမ်းတိုင်းလိုလိုမှာ ရှိနေတယ်။ အချိန်မရွေး ဝယ်သောက်လို့ရတယ်။ အရင်တုန်းက အရက်ဆိုင်ဆိုတာ စည်းနဲ့ကမ်းနဲ့ လိုင်စင်နဲ့ လုပ်ရတယ်။ အခုက ဝယ်လို့ရတယ်။ အရက်ဆိုတာမှာလည်း အရင်တုန်းကတော့ ချက်အရက်ဆိုတာ သေသေချာချာ ချက်ထားတဲ့အရက်။ အခုကျတော့ ဓာတုဆေးဝါးတွေနဲ့ ဖြစ်တဲ့အတွက် ဒီအရက်တွေက လူတွေရဲ့ ဦးနှောက်တွေမှာ စဉ်းစားနိုင်စွမ်းကို ပယ်ဖျက်ပြီးတော့ အားနည်းစေအောင် လုပ်ထားတာမျိုးတွေ ဖြစ်တော့ ဒီရဲ့အကျိုးဆက်တွေလည်း ပါမယ်လို့ ယူဆရပါတယ်။

မေး - ဟုတ်ကဲ့ အစ်မ။ အမျိုးသမီးအကြမ်းဖက်မှု ဆိုတာမှာပေါ့နော်။ သက်လတ်အရွယ် မုဒိမ်းမှုတွေဖြစ်တာထက် အခုနောက်ပိုင်းမှာ ကလေးငယ်တွေ၊ ၄ နှစ်၊ ၅ နှစ်တွေ အဲဒီလိုအရွယ် ကလေးတွေပါ မုဒိမ်းကျင့်ခံရတယ်ရှင့်။ အရင်တုန်းကဆိုရင် မှုခင်းပညာပေး လုပ်ဆောင်တဲ့အခါမှာ အပျိုဖော်ဝင်စ ၁၈၊ ၁၉ မှာ မှုခင်းပညာပေးပါတယ်။ ဒါပေမယ့် ကလေးတွေကျတော့ မှုခင်းပညာပေးတွေလုပ်တာ မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း ကလေးတွေ သက်ငယ်မုဒိမ်း ဖြစ်ပေါ်လာတဲ့အပေါ်မှာ အစ်မအနေနဲ့ နည်းနည်းသုံးသပ်ပေးပါဦး။

ဖြေ - ဒါက လူ့အဖွဲ့အစည်းအတွက် သိပ်အကျည်းတန် အရုပ်ဆိုးတဲ့ကိစ္စလို့ ပြောချင်ပါတယ်။ ဒီအရွယ်လေးတွေဟာ တကယ့်အပြစ်မဲ့တဲ့၊ နုနယ်တဲ့ ကလေးအရွယ်လေးတွေ ဖြစ်ပါတယ်။ ညီမလေး မေးသလိုပဲ၊ အရင်တုန်းကဆိုရင်တော့ လှသွေးကြွယ်တဲ့အရွယ်ပေါ့နော်၊ အပျိုအရွယ်လေးတွေကို ဒီလိုမျိုးကိစ္စတွေရှိတယ်ဆိုတာ ဟုတ်တယ်။ အခုနောက်ပိုင်း ဒီလိုဟာတွေ ကလေးငယ်တွေအပေါ်မှာ များလာတာကို ကျမကလည်း ပညာရှင် မဟုတ်တော့ စနစ်တကျ သုံးသပ်မှု ကျမတို့ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒါက ဘာကိုပြောလဲဆိုရင် ကျမတို့ မြန်မာနိုင်ငံမှာ နေတဲ့ လူတွေရဲ့ စိတ်ဓာတ်က တော်တော်ပျက်စီးဆိုးဝါးလာတယ်ဆိုတာကို ပြတယ်။ အခု ဖြစ်တဲ့ကိစ္စတွေကို ကြည့်တဲ့အခါ သွေးရင်းသားရင်းတွေ ပါတယ်။ မိသားစုဝင်တွေက ကျူးလွန်တာတွေ ပါတယ်။ ယုံကြည်လို့ အပ်နှံထားတဲ့ ဘေးပတ်ဝန်းကျင်မှာနေတဲ့ အိမ်နီးနားချင်းတွေလည်း ပါတယ်။ တချို့ကျတော့လည်း လစ်ပြီထင်လို့ ကိုယ့်ရပ်ကွက်ထဲ၊ တလမ်းတည်းကနေ လုပ်သွားတာတွေ ပါတယ်။ သူစိမ်းပြင်ပြင်ကြီးက လုပ်တယ်ဆိုတာ တော်တော်ရှားတယ်။ ကိုယ့်ပတ်ဝန်းကျင်ကပဲဆိုတော့၊ သိလည်း သိနေတဲ့လူတွေ ဖြစ်တယ်။ ဒီလိုလူတွေက ကျူးလွန်တယ်ဆိုတော့ သူတို့က အခြားသူတွေကိုပေါ့နော်။ အခြားသူတွေဆိုတာ အသက်ရပြီးသားလူတွေကို မဟုတ်ဘဲနဲ့ ဒီလို ကလေးငယ်တွေဆိုရင် ဘာမှ ပြဿနာမရှိနိုင်ဘူးလို့ ယူဆတာလည်း အဓိကပါမယ်လို့ ကျမ ထင်တယ်။

အဲဒီတော့ ဒီလိုဟာမျိုးတွေကို ဖြေရှင်းဖို့ စဉ်းစားတဲ့အခါမှာ ကလေးငယ်အရွယ်ဆိုတာ အင်မတန်မှ နုနယ်တဲ့အရွယ်တွေ ဖြစ်တဲ့အတွက် ကျမတို့ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေ ခံစားရတာထက် သူတို့ဘဝက ပိုပြီးတော့ ဆိုးကျိုးတွေက အရမ်းများတယ်။ လူမဆန်ဘူးလို့တောင် ပြောလို့ရတဲ့ကိစ္စမျိုးတွေ ဖြစ်တယ်။ ကျမကတော့ အကြောင်းရင်းဆိုတာထက် လူတွေရဲ့စိတ်ဓာတ်တွေ ပျက်စီးလာတယ်။ နောက် တရားဥပဒေရဲ့ စိုးမိုးမှုက အားနည်းတယ်။ အဲဒီအခါကျတော့ ဒီလိုအရွယ်လေးတွေဆိုရင် ဘာမှ ပြဿနာမရှိနိုင်ဘူး၊ ကလေးကလည်း ဘာမှ ပြန်မပြောနိုင်ဘူး ဆိုတာမျိုးကလည်း အဓိကပါမယ်လို့ ထင်တယ်။ ဘယ်လိုထိန်းချုပ်မလဲ ဆိုတာထက် တာဝန်ရှိတဲ့သူတွေက သေသေချာချာ စဉ်းစားရမယ့်အချိန် ရောက်ပြီလို့ ကျမကတော့ ထင်ပါတယ်။

မေး - ဟုတ်ကဲ့ရှင့်၊ သက်ငယ်မုဒိမ်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်မှုအပိုင်းမှာ အားနည်းမှုတွေရှိတယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာရော အစ်မအနေနဲ့ ဘယ်လိုထင်မြင်မိပါလဲ။

ဖြေ - သက်ဆိုင်ရာကတော့ ဘယ်ကိစ္စမဆိုပေါ့နော်။ ရုပ်ရှင်တွေထဲမှာဆိုရင်လည်း ပြဿနာပြီးသွားတော့မှ ရဲတွေက ရောက်လာတယ်ပေါ့နော်။ ကြိုတင်ပြီးတော့ ဟန့်တားနိုင်တာ၊ ကာကွယ်နိုင်တာ အားနည်းတယ်ဆိုတာ အစဉ်အဆက်ပဲ။ အခုလည်း ဒီလိုပဲ ရှိနေသေးတာပေါ့နော်။ ကျမတို့က အဓိကကတော့ ဘယ်သူမဆို မှားနိုင်တယ်။ အားနည်းချက်တွေရှိတယ်။ လူဖြစ်တဲ့အတွက် ဖောက်ပြန်နိုင်တယ်။ ဒါပေမယ့် ဥပဒေရဲ့ အထိန်းအကွပ်နဲ့ဆိုရင် သူ့ကို ကြိုးတချောင်းနဲ့ တုပ်ထားသလိုပေါ့နော်။ အဲဒီလိုမျိုး ဥပဒေရဲ့ ထိန်းကျောင်းမှုရှိတယ်ဆိုရင် ဘာပဲပြောပြော လုပ်ချင်တဲ့လူတောင်မှ နည်းနည်းလေး ဥပဒေရဲ့ အထိန်းအကွပ်နဲ့ အဟန့် ဖြစ်နိုင်တာပေါ့နော်။ အခုကျတော့ ဥပဒေရဲ့ အထိန်းအကွပ်ကလည်း အရမ်းအားနည်းတယ်။ အဲဒီတော့ ကျူးလွန်ချင်တဲ့သူတွေက ပိုပြီးအတင့်ရဲတယ်။ ဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဒီအပေါ်မှာ လိုသလိုလုပ်တာ ရှိတယ်။ နောက်ပြီးတော့ တရားစီရင်ရေးမှာ ပါဝင်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့်ပျက် ခြစားမှုတွေကလည်း ပါနေတဲ့အခါကျတော့ ပိုပြီးတော့ အရေးယူ ကိုင်တွယ်ဖြေရှင်းမှုမှာ အရမ်းအားနည်းတာ တွေ့ရတယ်။

အဲဒီအခါကျတော့ ကျမတို့ တည်ဆဲဥပဒေမှာ ပြန်ကြည့်မယ်ဆိုရင် သက်ငယ်မုဒိမ်းမှုအတွက် သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေဆိုတာ ရှိမနေဘူး။ မုဒိမ်းမှုဆိုတဲ့အောက်မှာပဲ ၁၈ နှစ်အောက်ဆိုရင် ဘယ်လို၊ ၁၈ နှစ်အထက်ဆိုရင် ဘယ်လို ဆိုတာမျိုးပဲ ရှိနေပြီးတော့ သီးခြား သက်ငယ်မုဒိမ်းမှုအတွက် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု၊ ပြစ်ဒဏ်ပေးမှုဆိုတာ မရှိဘူး။ မရှိတဲ့အပြင် တရားရေးရာကျွမ်းကျင်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ လူသတ်မှုတောင်မှ ၁၀ နှစ်ပဲ ချနိုင်တယ်ဆိုရင် ဒီဟာက လူသတ်မှု မဟုတ်ဘူး။ မဟုတ်တဲ့အတွက် ဒီထက်ကျော်လွန်ပြီးတော့ ချလို့မရဘူး၊ ပြစ်ဒဏ်ပေးလို့မရဘူး ဆိုတာမျိုးတွေ ရှိတဲ့အခါကျတော့ ကျမတို့မှာ လက်ရှိ တည်ဆဲဥပဒေတွေအားလုံးက အားနည်းနေတယ်။ ဒါပေမယ့် ဒီတည်ဆဲဥပဒေအပေါ်မှာ မှီခိုပြီး အလုပ်လုပ်ရမယ်ဆိုရင် တော်တော်အလုပ်မဖြစ်တာလည်း တွေ့ရတယ်။ အဲဒီအခါကျတော့ တချို့တွေက ၂ နှစ် ချရင်လည်း ချလိုက်မယ်၊ ၃ နှစ် ချရင်လည်း ချလိုက်မယ်။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်ပြီးတော့ ဆိုတဲ့အခါမှာ အဲဒီစကားက အရမ်းပဲ တာသွားတယ်။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားဆိုတာ အမှန်တကယ် သူ့နှလုံးသားနဲ့ ခံစားပြီးတော့ ဦးနှောက်နဲ့ ပညာနဲ့ မြော်မြင်ပြီး ဆုံးဖြတ်တာလား။ ဒါမှမဟုတ် သူက လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ဆုံးဖြတ်တာလား ဆိုတာ ကျမတို့ ဘယ်လိုမှ ခွဲခြားလို့မရဘူး။ အဲဒီ ဆင်ခြင်တုံတရား ဆိုတာမှာ ဆုံးဖြတ်တဲ့အတွက် နစ်နာသွားတဲ့သူတွေ အများကြီးပဲ။

အခု ကလေးတွေ သက်ငယ်မုဒိမ်းမှုကိစ္စမှာလည်း မိဘတွေတော်တော်များများက ဆင်းရဲနွမ်းပါးသူတွေ ဖြစ်တယ်။ တရားရုံးစရိတ်တွေ၊ ရှေ့နေအတွက် ကုန်ကျမှာတွေကို သူတို့ မတတ်နိုင်ဘူး။ မတတ်နိုင်တဲ့အတွက် ဒါကို မလုပ်ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ ကျမတို့ တတ်နိုင်သမျှ မီဒီယာတွေပေါ်မှာ လူထုတွေက သိလာတဲ့အခါမှာ တတ်နိုင်တဲ့သူတွေ၊ စေတနာရှင်တွေက ဒီတရားရုံးစရိတ်တွေ ဝိုင်းကူကြတယ်။ အခမဲ့ ရှေ့နေလိုက်ပေးကြတယ်။ ဆောင်ရွက်ပေးကြလို့သာ ဒီအမှုတွေက တရားရုံးရောက်တယ်။ နောက်တခုက ကျမတို့ ပြောချင်တာက တရားရုံးမှာ တရားစီရင်ရေးမှာ အချိန်ကြန့်ကြာတာပေါ့နော်။ ဒီလူတွေရဲ့ ကုန်ကျစရိတ်တွေ၊ သူတို့ရဲ့ စားဝတ်နေရေးတွေ အားလုံးကို ဘယ်သူက တာဝန်ယူမှာလဲ။ အဲဒီတော့ တရားရုံးတွေရဲ့ တရားစီရင်ရေး နှောင့်နှေးမှုဟာလည်း အများကြီး အဟန့်အတား ဖြစ်စေတယ်။ ကျမတို့ ပြန်ပြီးသုံးသပ်ရင်တော့ တရားစီရင်ရေးအပိုင်းကလည်း ပြင်ဆင်ဖို့လိုသလို ဥပဒေကြောင်းအရလည်း တကယ့်ကို ပြင်းပြင်းထန်ထန်နဲ့ အရေးယူနိုင်မယ့် ဥပဒေမျိုးတွေ ရေးဆွဲဖို့လိုတယ်လို့ ကျမ မြင်ပါတယ်။

မေး - ဟုတ်ကဲ့။ သက်ငယ်မုဒိမ်းမှုက တွင်တွင်ကျယ်ကျယ် အရမ်းအများကြီး ဖြစ်နေတဲ့အချိန်မှာ လွှတ်တော်မှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးတာ မရှိသလောက်ကို ဖြစ်နေတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ အစ်မ နည်းနည်း ပြောပြပေးပါဦး။

ဖြေ - လွှတ်တော်မှာကလည်း ပြဿနာက အဆိုတခု တင်မယ်။ မေးခွန်းတခု မေးမယ်ဆိုရင် ကြိုတင်ပြီး စာရင်းပေးရတာဖြစ်တဲ့အတွက် အခုအခြေအနေလောက်ဆိုရင် စာရင်းပေးထားတာတို့၊ မေးဖို့ ဆွေးနွေးဖို့ တင်ပြထားတာတွေ ရှိကောင်းရှိနေမယ်ဆိုတော့ ကျမ တဖက်သတ် အပြစ်လိုမျိုး မပြောချင်ပါဘူး။ ဒါပေမယ့် ဒီ့ထက်ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ဖြစ်သင့်တယ်၊ အခုအချိန်မှ မဟုတ်ဘူး၊ ရှေ့လွှတ်တော်မပိတ်ခင် အချိန်မှာလည်း ဆွေးနွေးမှုက မကြားခဲ့ရဘူး။ အဲဒီအခါကျတော့ အင်မတန်မှ ကျမတို့ စိတ်မကောင်းဖြစ်ရတယ်။ လွှတ်တော်ထဲမှာ ကျမတို့ ပထမ စဉ်းစားလိုက်တာက ဒါဟာ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေလို့များ အမျိုးသမီးတွေရဲ့ အရေးကိစ္စ၊ ဒီသမီးငယ်လေးတွေရဲ့ အရေးကိစ္စကို မဆွေးနွေးနိုင်တာလားလို့ ကျမ တချက် စဉ်းစားတယ်။ ဘာလို့လဲဆိုတော့ အဆိုတခု တင်တယ်ပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ ထောက်ခံသူများမှ ဒီအဆိုက အတည်ပြုတာလေ။ အဲဒီတော့ လွှတ်တော်ထဲမှာ အများစုရှိနေတာ အမျိုးသားတွေ ဖြစ်တယ်။ ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း အမျိုးသားကိုယ်စားလှယ်တွေ ဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အဆိုတွေ တင်တဲ့အခါမှာ အောင်ဖို့အတွက်က အားနည်းမယ်လို့ ထင်တယ်။

ဒါပေမယ့် ကျမကတော့ ပြည်သူ့ရဲ့ကိုယ်စား တာဝန်ယူ ဆောင်ရွက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ဖြစ်တဲ့အတွက် ဒီကိစ္စကိုတော့ အရေးတယူ ဆောင်ရွက်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ နေ့စဉ်ဘဝမှာ ဒီသက်ငယ်၊ ဒီသမီးလေးတွေ အရွယ်မပြောနဲ့။ ကျမတို့အရွယ်တောင်မှ လမ်းပေါ်သွားရတာ မလုံခြုံသလို ဖြစ်လာတယ်။ ည နည်းနည်းမိုးချုပ်တာနဲ့ တက္ကစီစီးရမှာတောင် ကျမတို့ စိုးရိမ်လာတယ်။ တက္ကစီဆရာကလည်း ကျမတို့ကို စိုးရိမ်တယ်။ ကျမတို့ကလည်း တက္ကစီဆရာကို လန့်နေတယ်ဆိုတော့ မလုံခြုံတော့ဘူး။ အရင်တုန်းကတော့ ဒီကိစ္စတွေဆိုတာက မိဘနဲ့ သားသမီး မပြောအပ်တဲ့ ကိစ္စတွေလို့၊ တိုးတိုးတိတ်တိတ် သိရတဲ့ကိစ္စ၊ ကိုယ့်ဘာသာ လေ့လာရတဲ့ကိစ္စတွေ ဖြစ်တယ်။ ဒါပေမယ့် ခေတ်အခြေအနေရ ဒီလိုမျိုး တိုးတိုးတိတ်တိတ် လုပ်လို့ မရတော့ဘူး။ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုတွေ လုပ်ဖို့လိုနေပြီ။ အဲဒါမျိုးတွေလည်း ဆက်ပြီး ကျမတို့ လုပ်ဖို့လိုပါတယ်။ အဲဒီတော့ တာဝန်ရှိတဲ့သူတွေကိုပဲ ကျမတို့ တောင်းဆိုနေတာ မဟုတ်ဘူး။ ကျမတို့ဘက်ကလည်း အသိပညာပေးတဲ့အလုပ်တွေကို ကျမတို့ လုပ်ပေးနိုင်ပါတယ်။ လုပ်လည်း လုပ်ပေးနေပါတယ်။ ကျမတို့ ရပ်ရွာတွေမှာ ဆင်းပြီးတော့ ကျန်းမာရေး အသိပညာပေးတာရော၊ ဒီလို အကြမ်းဖက်မှု လျှော့ချဖို့အတွက် ပညာပေးတာတွေရော လုပ်ပါတယ်။ ဒါပေမယ့် ကျမတို့လို အရပ်ဘက်အဖွဲ့အစည်းဆိုတာက သေးသေးလေးပါ။ လုပ်နိုင်လည်း နည်းနည်းလေးပဲ လုပ်နိုင်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ တနိုင်ငံလုံးအတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်မှ အောင်မြင်မယ်၊ ထိရောက်မယ်လို့ ကျမတို့က ယုံကြည်တဲ့အတွက် အစိုးရတွေကို အခုလိုမျိုး တိုက်တွန်းဆွေးနွေးခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အသံကို လေးစား နားထောင်ပြီးတော့ ပြည်သူရဲ့ဆန္ဒကို ဖော်ထုတ်ပေးမယ့် အစိုးရလို့ ကျမတို့ ယုံကြည်ပါတယ်။ အဲဒီအတွက်တော့ ဒီကိစ္စကို ဆောင်ရွက်တာဟာ ကျမ ထင်ပါတယ်။ ပိုက်ဆံလည်း အကုန်အကျ ရှိတော့ရှိမယ်။ အရမ်းကြီး မများပါဘူး။ ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ပြည်သူအားလုံးကလည်း ပူးပေါင်းလက်တွဲပါဝင်မှာ ဖြစ်ပါတယ်။ အဲဒါကို အချိန်မဆွဲဘဲနဲ့ အမြန်ဆုံး ဆောင်ရွက်သင့်ပြီလို့ ဒီကနေ ကျမ တိုက်တွန်းချင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013