DVB Logo
Home
Lead Story
ရိုက်နှက်ခံရသည့် သတင်းထောက် ကိုကျော်သူရမျိုးနှင့် မေးမြန်းချက်
DVB
·
December 15, 2016
ရိုက်နှက်ခံရသည့် သတင်းထောက် ကိုကျော်သူရမျိုးနှင့် မေးမြန်းချက်
Donate to DVB

မန္တလေးအခြေစိုက် The Farmer ဂျာနယ်သတင်းထောက် ကိုကျော်သူရမျိုးဟာ မနေ့ည ၁၀  နာရီလောက်က အိမ်ပြန်လာချိန် သူ့ရဲ့အိမ်အနီး ၃၂ နဲ့ ၃၃ လမ်းကြား၊ လမ်း ၇၀ မှာ လူ ၄ ဦးက   ဝိုင်းရိုက်တိုက်ခိုက်ခဲ့တာကြောင့် မျက်နှာမှာ ဒဏ်ရာတွေ ရရှိသွားပါတယ်။

လက်ရှိမှာတော့ မန္တလေး ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူနေရရဲ့ ကိုကျော်သူရမျိုးကို ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့ညက အရိုက်ခံရတဲ့ဖြစ်စဉ်ကို နည်းနည်းပြန်ပြောပြပါလား။

“ကျနော်လည်း အိမ်ပြန်လာချိန်ပေါ့ဗျာ။ ၁၀ နာရီဝန်းကျင်လောက်တော့ ရှိပြီ။ ကျနော် အရိုက်ခံရပြီးပြီးချင်း မီတဲ့ဖုန်းဆက်လိုက်တာ။ အဲဒါ ၁၀ နာရီ ၄ မိနစ်လောက်လို့ ပြထားတာပေါ့နော်။ ကျနော် ပြန်တဲ့ အဲဒီနေရာလေးကတော့ နည်းနည်းမှောင်တယ်ဗျာ။  ဆိုင်ကယ်ကို ပုံမှန်လေး မောင်းနေတဲ့အချိန်မှာ ဖြတ်ရိုက်တာပေါ့နော်။ ရိုက်တဲ့အခါကျတော့ လဲတယ်ပေါ့နော်။ နောက်ထပ် ၃ ယောက်ကနေပြီးတော့ ဝင်ရိုက်တာပေါ့။ အားလုံးပေါင်း ၃ ယောက်ဗျာ။ မှတ်မိတာတော့ ကျန်တဲ့နေရာကို ရိုက်တာမဟုတ်ဘူး။ ခေါင်းကို သေချာရိုက်တာပေါ့နော်။  အဲဒီလို ရိုက်တဲ့အခါကျတော့ ကိုယ်လည်း ပြန်မလုပ်နိုင်တော့ အော်တာပေါ့။ ကယ်ကြပါဦး၊ ဘာညာဆိုတော့ ရပ်ကွက်ထဲကလူတွေ ထွက်လာတဲ့ပုံစံ ရှိတယ်။ အဲဒီနား ရပ်ကွက်နဲ့လည်း တအားနီးတော့ ရပ်ကွက်ထဲကလူ ထွက်လာတော့ သူတို့လည်း ကားက စောင့်နေတဲ့ပုံစံမျိုး ရှိတယ်။ ကားအဖြူရောင်လေးဗျာ။ Swift လိုလို Fit လိုလို အဲလို ပုံစံမျိုးလေးပေါ့။ ကျနော်လည်း အရိုက်ခံရတော့ သတိရတချက်၊ မရတချက် ဖြစ်နေတယ်။ အဲဒီ ၃ ယောက် ကားပေါ် ပြန်တက်သွားတယ်။ နောက်တယောက်က ဆိုင်ကယ်နဲ့ပေါ့နော်။”

ကိုကျော်သူရမျိုး ဘယ်နှချက် အရိုက်ခံခဲ့ရတာလဲ။ဒဏ်ရာအခြေအနေဘယ်လိုရှိလဲ။

“နည်းနည်းတော့ များတယ်ဗျာ။ ကျနော် ကာထားတာတောင် မျက်နှာတခြမ်း စုတ်ပြတ်သတ်သွားတယ်ဗျာ။ ဓာတ်မှန်အဖြေတော့ ထွက်လာပြီ။ ဦးနှောက်သွေးကြောတခု ပေါက်သွားတယ်ဗျာ။ ဒါပေမယ့် ခွဲစိတ်ကုသဖို့တော့ မလိုပါဘူး။  ဆေးရုံကတော့ စောင့်ရမှာပေါ့နော်။ အခုကတော့ ဆေးရုံမှာပဲ ရှိနေပါသေးတယ်။”

ရိုက်တဲ့လူတွေက ဘယ်လိုလူတွေလို့ ပြောလို့ရမလဲ။ ကိုကျော်သူရမျိုးနဲ့  ရန်ငြိုးရှိလို့လား။

“ကျနော် အခုချိန်ထိ စဉ်းစားနေတာ။ စဉ်းစားလို့မရဘူး။ ဘယ်သူကများ လုပ်သွားလဲလို့။ ကျနော်ကလည်း အဲဒီလောက်အထိ ရန်ငြိုးရန်စရှိတဲ့သူ မဟုတ်ဘူး။ မရှိဘူးလို့တောင် ပြောလို့ရတယ်။”

သတင်းနဲ့ပတ်သက်လို့ကကော ဘာသတင်းတွေလုပ်ခဲ့လို့ အဲလိုဖြစ်တယ်ထင်လဲ။ ဘယ်လို သံသယရှိလဲ။

“သတင်းနဲ့ပတ်သက်လို့ကတော့ ကျနော် အရင်က နွားမှောင်ခိုသတင်း ရေးခဲ့ဖူးတာ ရှိတယ်။ အဲဒီဟာကလည်း တနှစ်ကျော်ကျော်လောက် ရှိသွားပြီဗျာ။ farmer ဂျာနယ်မှာပဲ လုပ်နေချိန်။ နွားမှောင်ခိုသတင်းတွေ ဘာတွေ ကျနော်က အဲဒီအချိန် နွားမှောင်ခိုလမ်းကြောင်းတွေ ကျနော်ကိုယ်တိုင် လိုက်သွားတယ်။ အဲဒီတခုပဲ ကောင်းကောင်းရှိမယ်။ ကျန်တာတွေကတော့ အဲလောက်မရှိဘူးလေ။”

အခု အရိုက်ခံရတဲ့ကိစ္စက သတင်းကြောင့်လား၊ ဒါမှမဟုတ် တခြား လုယက်ချင်သူတွေကြောင့်လား။  ဘာကြောင့် ခုလိုရိုက်ခံရတယ်လို့  မြင်လဲ။

“အခုက ဘယ်လို ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရမှန်း မသိဘူး။ ကျနော်လည်း မနေ့ကမှ ဘာစိတ်ကူးပေါက်လဲ မသိဘူး အင်္ကျီသစ်၊ ပုဆိုးသစ်နဲ့ ဝတ်ပြီး ကျနော်နဲ့တောင် မတူတော့ဘူး။ အဲဒီလမ်းကလည်း လူပြတ်နေကျ။ ကျနော့်ကိုပဲ လူမှားရိုက်တာလား။ ပစ္စည်းလုတာကတော့ မဟုတ်ဘူးဗျာ။ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လဲနေတဲ့အချိန်မှာ ရိုက်ဖို့ပဲလုပ်တာ။ လုချင်ရင်တော့ ဖုန်းတို့၊ ပိုက်ဆံတို့ကလည်း ထွက်ကျသွားတယ်။ အဲဒါတွေ တခုမှ မယူသွားဘူး။ ဒါပေမယ့် ကျနော် အော်လိုက်တဲ့အချိန်မှာ ရပ်ကွက်က လူတွေထွက်လာကြလို့ အဲလိုမျိုးကလည်း ဖြစ်နိုင်တယ်။ အခြေအနေက အဲလိုမျိုး ဖြစ်တယ်။”

အခု ရဲစခန်းမှာ  အမှုဖွင့်လိုက်ပြီလား ဘယ်လိုအမှုဖွင့်ထားလဲ။

“ရဲစခန်းကတော့ ဘာမှ ကျနော် ဂဃနဏ မသိရသေးဘူး။ ရဲတို့ ဘာတို့ကတော့ ကျနော့်ဘေးနားက လာစောင့်ပေးတယ်။ နယ်မြေခံရဲတို့ နယ်ထိန်းတို့ကတော့ လာစောင့်ပေးတယ်ပေါ့နော်။ ညကလည်း တချိန်လုံး လိုက်ပေးတယ်။ မနက်ကလည်း သူတို့ လာတယ်ပေါ့နော်။ ကျနော်လည်း ဆေးရုံပ်ါမှာပဲ ရှိသေးတယ်။”

တနေ့တုန်းကပဲ မုံရွာက eleven သတင်းထောက် အရိုက်ခံရပြီးဆုံးသွားတယ်။ အခုလည်း အကိုက အရိုက်ခံရတယ်ဆိုတော့ သတင်းထောက်တွေရဲ့ အသက်အန္တရာယ်အတွက်ဘယ်လို ပြောချင်လဲ။

“ကျနော်တို့ နယ်သတင်းထောက်တွေ တော်တော်များများက ဆိုင်ကယ်တစီးနဲ့ လွတ်လွတ်လပ်လပ် သွားလာကြတာ များတယ်။ လုပ်ချင်ရင် အလွယ်လေး လုပ်လို့ရတယ်ပေါ့နော်။ မုံရွာ ကိုစိုးမိုးထွန်း အရိုက်ခံရပြီး သေသွားတာပေါ့နော်။ ကျနော်က စိုးရိမ်တယ်။ ဘာကို စိုးရိမ်လဲဆိုတော့ သတင်းထောက်တွေကို ဒီလိုလုပ်လို့ရပါလား ဆိုတဲ့ အတွေးမျိုးတွေ ဝင်သွားကြလိမ့်မယ်ဗျာ။ အဲဒါမျိုးဆိုရင်တော့ အမြန်းဆုံး ပေါ်ပေါက်အောင်ပေါ့။ အမြန်ဆုံးလုပ်ဖို့ လိုအပ်တယ်လို့ ကျနော် ထင်တယ်။”

နောင်မှာ အလားတူအဖြစ်မျိုးတွေ မဖြစ်ရလေအောင် သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက်ကို  နိုင်ငံတော်အစိုးရပိုင်းနဲ့ သတင်းမီဒီယာအဖွဲ့တွေက ဘယ်လိုမျိုး လုပ်ပေးစေချင်လဲ။

“နယ်ကသတင်းထောက်တွေကတော့ ကျနော်တို့ သွားလာမှုကတော့ ဆိုင်ကယ်နဲ့ပဲ ဆိုတော့ အချိန်မရွေး ဖြစ်မှာပဲဗျာ။ သတင်းအဖွဲ့အစည်းတွေအနေနဲ့ကတော့လည်း ထုတ်ပြန်ချက်တွေ ဘာတွေ ထုတ်ပေးရမှာပေါ့နော်။ ဒါပေမယ့် ဒါကတော့ တရားဥပဒေစိုးမိုးရေးနဲ့ပဲ ဆိုင်တယ်လို့ ထင်တယ်။ အခု ကျနော် အရိုက်ခံရတာမျိုးဆိုရင် နည်းနည်းစဉ်းစားပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးသင့်တယ်။ သို့မဟုတ်ရင်တော့ သတင်းထောက်တွေကို ဒီလိုလုပ်လို့လည်း ဘာမှ မဖြစ်ပါလားဆိုတဲ့ အတွေးမျိုးက တခြားလူတွေမှာ ဝင်သွားလိမ့်မယ်။ ဥပမာအားဖြင့် ဒီသတင်းထောက် သတင်းတပုဒ် ရေးလိုက်တယ်။ ဒီသတင်းထောက် ပြောလို့မရဘူး။ ကိုင်ပစ်လိုက်ကွာ၊ ကိုင်တော့လည်း ဘာမှမဖြစ်ဘူး။ ရိုက်ပစ်လိုက်၊ သတ်ပစ်လိုက်ကွာ။ ပြီးရင် ငါတို့ ရှောင်ပြေးလို့ရတယ်ဆိုတဲ့ အတွေးမျိုးတွေ ဝင်သွားလိမ့်မယ်ဗျာ။ အဲဒီတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံး ဖမ်းစေချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013