DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုများပြားလာပြီး စိုးရိမ်ဖွယ်အခြေအနေဖြစ်ဟု ပြည်ထဲရေးဝန်ခံ
DVB
·
December 15, 2016
သက်ငယ်မုဒိမ်းမှုများပြားလာပြီး စိုးရိမ်ဖွယ်အခြေအနေဖြစ်ဟု ပြည်ထဲရေးဝန်ခံ
Donate to DVB

မြန်မာနိုင်ငံတဝန်းလုံးမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းတိုးတက်များပြားလာနေပြီး စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ဖြေဆိုရင်း ပြည်ထောင်စုဒု-ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“ဖြစ်ပွားခဲ့မှုတွေကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ရာခိုင်နှုန်းဟာ ၂၀၁၃ ခုနှစ်မှာ မုဒိမ်းမှုရဲ့ ၄၂ ဒသမ ၉၁ ရာခိုင်နှုန်း၊ ၂၀၁၄ မှာ ၄၄ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၂၀၁၅ မှာ ၄၆ ဒသမ ၃၃ ရာခိုင်နှုန်းနဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိကို ၆၁ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပွားလာတာကို တွေ့ရှိရတဲ့အတွက် နှစ်အလိုက် မုဒိမ်းဖြစ်ပွားမှု အရေအတွက် များလာသလိုပဲ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ရာခိုင်နှုန်းတွေဟာလည်း မြင့်မားလာတာကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရပါတယ်။”

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီး အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေးကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုဒု-ဝန်ကြီးက ပြောပါတယ်။

၂၀၁၆ နိုဝင်ဘာအထိ သက်ငယ်မုဒိမ်းအကျင့်ခံရမှုနဲ့ ပတ်သက်လို့ အသက်အပိုင်း အခြားအလိုက် ကျူးလွန်ခံရမှုကို ကြည့်တဲ့အခါ ၂ နှစ်မှ ၅ နှစ်အထိ ၂ ဒသမ ၄၇ ရာခိုင်နှုန်း၊ ၆ နှစ်မှ ၁၀ နှစ်အထိ ၁၂ ဒသမ ၈၃ ရာခိုင်နှုန်း၊ ၁၀ နှစ်မှ ၁၄ နှစ်အထိ ၂၄ ဒသမ ၈၃ ရာခိုင်နှုန်း၊ ၁၄ နှစ်မှ ၁၆ နှစ်အထိ ၅၉ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရပါတယ်။

ပြစ်မှုကျူးလွန်သူတွေကတော့  အသက် ၁၆ နှစ်အောက် ၅ ဒသမ ၀၉ ရာခိုင်နှုန်း၊ ၁၆ နှစ်မှ ၁၈ နှစ်အထိ ၈ ဒသမ ၃၇ ရာခိုင်နှုန်း၊ ၁၈ နှစ်မှ ၅၀ နှစ်အထိ ၈၀ ဒသမ ၃ ရာခိုင်နှုန်း၊ ၅၀ နှစ်အထက်က ၆ ဒသမ ၂၄ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရတဲ့အတွက် အသက် ၁၆ နှစ်အောက် လူငယ်များပင် မုဒိမ်းမှုကျူးလွန်သူတွေ ဖြစ်နေပါတယ်လို့ဆိုပါတယ်။

ဒီကိန်းဂဏန်း အချက်အလက်တွေဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားဝင် စိစစ်တွေ့ရှိချက်တွေဖြစ်ပြီး သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ ပြည်တွင်းမှာ တောင်းဆိုမှုတွေ မြင့်တက်လာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013