DVB Logo
Home
မြန်မာသတင်း
မှတ်ပုံတင်ကတ်များအား စမတ်ကတ်ပြောင်းလဲရန် ရှေ့ပြေးစီမံချက် ဆောင်ရွက်နေ
DVB
·
December 14, 2016
မှတ်ပုံတင်ကတ်များအား စမတ်ကတ်ပြောင်းလဲရန် ရှေ့ပြေးစီမံချက် ဆောင်ရွက်နေ
Donate to DVB

မြန်မာနိုင်ငံသားတွေအတွက် ထုတ်ပေးထားတဲ့ မှတ်ပုံတင်ကတ်ပြားတွေကို Smart Card ပြောင်းလဲဖို့ ရှေ့ပြေးစီမံချက် စတင်ဆောင်ရွက်နေပြီး မှတ်ပုံတင်လုပ်ငန်းအတွက် ပေးရတဲ့ နှုန်းထားတွေကိုလည်း ပြောင်းလဲဖို့ အစိုးရက စီစဉ်နေပါတယ်။

အမျိးသားမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေ ပြုပြင်ပြောင်းလဲမြှင့်တင်ဖို့ အစီအစဉ်နဲ့ မှတ်ပုံတင်ကြေး ပေးသွင်းရမယ့် ကျသင့်နှုန်းထားတွေ ခေတ်ကာလနဲ့ လျော်ညီမှုမရှိလို့ ပြောင်းလဲသတ်မှတ်ဖို့ အစီအစဉ်ရှိ၊ မရှိ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ရှမ်းပြည်နယ်အမတ် ဦးကျော်နီနိုင်က မေးမြန်းခဲ့ရာမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောတာဖြစ်ပါတယ်။

အမျိုးသားမှတ်ပုံတင်ကတ်ပြားတွေကို Smart Card အဖြစ် ပြောင်းလဲထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်နေပြီး ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံသားတဦးချင်းစီရဲ့ အချက်အလက်တွေကို ရေးသွင်းမှတ်သား ထည့်သွင်းဖို့လိုတာဖြစ်တဲ့အတွက် ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဆောင်ရွက်နေပြီလို့ ၀န်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

"နေပြည်တော် ဇမ္ဗူသီရိမှာ  ပြည်သူတွေကို အချက်အလက် ရေးသွင်းခြင်းလုပ်ငန်းကို ရှေ့ပြေးလုပ်ငန်းအဖြစ် Biographic Data တွေ ကောက်ယူတဲ့ လုပ်ငန်းတွေကို ပြီးခဲ့တဲ့အပတ်တည်းက ဆောင်ရွက်နေပါတယ်။ အလားတူ မနေ့ကစပြီး မန္တလေးတိုင်းဒေသကြီးမှာလည်း ရှေ့ပြေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အဲဒီရရှိတဲ့ အတွေ့အကြုံ၊ အချက်အလက်တွေကို မူတည်ပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Smart Card ဆောင်ရွက်ရေးကိစ္စတွေကို တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ကိုယ့်နိုင်ငံနဲ့ လိုက်ဖက်မယ့်၊ အဆင်ပြေဆုံးဖြစ်မယ့်၊ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် စနစ်တခုကို ချမှတ်ပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။"

လေ့လာမှုတွေပြီးရင် နိုင်ငံမှာ ဘယ်လိုစနစ်နဲ့ ဘယ်လိုအစီအစဉ်နဲ့ ဆက်လက် ဆောင်ရွက်မယ်ဆိုတာ ပညာရှင်တွေ၊ ဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တာဝန်ရှိ အဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှေ့ပြေးစာရင်းကောက်ယူတဲ့ လုပ်ငန်းတွေကိုလည်း မန္တလေး၊ နေပြည်တော်မှာ ဆောင်ရွက်နေသလို တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက်လေ့လာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မှတ်ပုံတင်လုပ်တာမှာ ပေးရတဲ့ အခကြေးငွေနှုန်းထားကို ခေတ်နဲ့အညီ ပြောင်းလဲဖို့ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေပြင်ဖို့ ပြင်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ပြင်ဆင်ချက်တွေကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ရှေ့နေချုပ်ရုံးရဲ့ ထောက်ခံချက်၊ အကြံပြုချက်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခငွေနှုန်းထားကို ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ ၃၇ သန်းကျော်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေမှာ စမတ်ကတ် အသုံးပြုနေပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ မှတ်ပုံတင်ကို စက္ကူကတ်ထူပြားနဲ့ အသုံးပြုနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013