DVB Logo
Home
မြန်မာသတင်း
ကင်ဆာဖြစ်စေနိုင်သည့် ငရုတ်သီးမှုန့်များ ဈေးကွက်တွင်း ဆက်လက်ရောင်းချနေ
DVB
·
December 14, 2016
ကင်ဆာဖြစ်စေနိုင်သည့် ငရုတ်သီးမှုန့်များ ဈေးကွက်တွင်း ဆက်လက်ရောင်းချနေ
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့   ဓာတ်ခွဲစစ်ဆေးချက်တွေအရ ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ ငရုတ်သီး အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်နဲ့ အစိမ်းမှုန့်တွေမှာ ခွင့်မပြုဆိုးဆေးနဲ့ မှိုအဆိပ်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

ဒီလိုစစ်ဆေးတွေ့ရှိထားပေမယ့် ဈေးကွက်အတွင်းမှာ တားမြစ်သတိပေးတာတွေတော့ မရှိသေးဘဲ ငရုတ်သီးမှုန့်တွေ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ ငရုတ်သီးမှုန့် ရောင်းသူတွေက ဆိုပါတယ်။

ရွှေကြက်ဖငရုတ်သီးမှုန့်နှင့် အထွေထွေစားသောက်ကုန် အရောင်းဆိုင်မှ ဦးမောင်မောင်ညွန့်က “ဟိုအရင်တုန်းကတော့ လာစစ်ဆေးကြတယ်။ ကျန်းမာရေးအဖွဲ့တွေ ဝင်ကြတယ်။ စစ်တယ်ဆိုတာလည်း အပေါ်ယံလောက်ပါပဲ။ တကယ်တမ်း ထိထိရောက်ရောက်တော့ မရှိဘူးဗျ။ တကယ်တမ်း ထိထိရောက်ရောက်မရှိလို့လည်း ဒီလို အောက်ခြေဈေးတွေမှာ အရောအနှော၊ ဆိုးဆေး၊ အကုန်လုံး အခုချိန်ထိ ရောင်းနေကြတာပဲ။ အခုချိန် ဘယ်ဈေးပဲဝင်ဝင် ရှိနေတာပဲ။ ကျနော့်ဆိုင်ကို ကြိုက်တဲ့အချိန်မှာ ဝင်စစ်လို့ရတယ်။ ကျနော် ငရုတ်သီး အစစ်တမျိုးပဲ ရောင်းတယ်။ ပြင်ပပစ္စည်းမပါဘူး။ ဆိုးဆေးဘာညာ လုံးဝမပါဘူး” လို့ ပြောပါတယ်။

ငရုတ်သီးမှုန့် စားသုံးသူတွေကလည်း သတင်းတွေမှာ ထုတ်ပြန်ထားတာ တွေ့ပေမယ့်လည်း  ပုံမှန်သုံးနေကျအတိုင်း သုံးစွဲနေကြတယ်လို့ ပြောပါတယ်။

“ကုန်ကားနဲ့ဆိုရင် ရန်ကုန်ကသယ်တယ်။ ဘုတ်ဆုံမဆိုရင် ဝယ်သွားတာပဲ။ ဘုတ်ဆုံမ ငရုတ်သီးမှုန့်ဆိုရင် ရွာတွေ၊ ဈေးတွေမှာ ဖြန့်တာပဲ။ ဖြန့်တယ်၊ ယူတယ်၊ စားနေတာပဲ။ အပူရှိန်နည်းတဲ့အခါကျတော့ မှိုပုံစံမျိုးဖြစ်ရင်လည်း ဖြစ်ပြီးသွားမှာပေါ့။ ဒါလေးတွေလည်း ရှိမှာပေါ့။ နည်းနည်းပါးပါး သန့်စင်ပြီးတော့ သုံးရတာပေါ့” လို့ ဈေးဝယ်တဦးဖြစ်တဲ့ ဦးတင်ထွေးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီက မှိုအဆိပ်တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာထားတဲ့ ငရုတ်သီးမှုန့်တွေကတော့ ဒေါ်တင်(ဆင်ဖြူကျွန်း)၊ OK ထွန်း၊ မြို့မဆင်ဖြူတော်၊ ဖိုးဝ၊ မြန်မာရနံ့၊ ဒေါ်ထွေး၊ ဒေါ်ခင်အေး(မော်လမြိုင်)၊ KSS နဲ့ ဘုတ်ဆုံမတို့ ဖြစ်ပါတယ်။

မြန်မာပြည်ဈေးကွက်ထဲ ဖြန့်ဖြူ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေနဲ့ အရောင်တင်မှုန့်တွေမှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ မှိုအဆိပ်တမျိုး (Aflatoxin) ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရလို့ တပတ်အတွင်း ပြန်လည်သိမ်းဆည်းကြဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက လုပ်ငန်းရှင်တွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ငရုတ်သီးမှုန့်လုပ်ငန်းလုပ်ဖို့ မှတ်ပုံတင်ထားသူ ၁၄ ဦးသာရှိပေမယ့် လက်ရှိ နိုင်ငံတ၀န်း ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၆၅၀ ကျော်ရောင်းချနေပြီး တဝက်ကျော်မှာ အသည်းကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တဲ့ မှိုတမျိုးဖြစ်တဲ့ (Aflatoxin) ပါဝင်တာ တွေ့ရှိရတယ်လို့ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက သိရပါတယ်။

သတင်း - သူဇာလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013