DVB Logo
Home
Lead Story
ဖေ့စ်ဘွတ်ခ်ပေါ်က အသုံးတွေ အမှန်ဖြစ်မလာဖို့
DVB
·
December 14, 2016
ဖေ့စ်ဘွတ်ခ်ပေါ်က အသုံးတွေ အမှန်ဖြစ်မလာဖို့
Donate to DVB

မနက်ခင်း လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ပါဆယ် ဝယ်နေတုန်း သူငယ်ချင်း တယောက်နဲ့ တွေ့တယ်။ သူငယ်ချင်းက ခေးလေး နေကောင်းလားလို့ မေးတယ်။ ပြီးတော့ ကွီး ယာဉ်တိုက်မှုဖြစ်တာ အခြေအနေ ဘယ်လိုလဲလို့ မေးတယ်။ သူ မေးသမျှ သေချာနားထောင်ပြီး ပြန်ဖြေနေရတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်က အသုံးအနှုန်းတွေနဲ့ ကိုယ့်ကို အပြင်မှာပြောတော့ တချို့စကားတွေကျတော့ နားမလည်တော့ဘူး။ သူက ပြောသေးတယ်။ “သြော်..ဘဒို...ဘဒို…"။ “အဆင်ပြေမှာပါ.. ခေးကိုလည်း ဂရုစိုက် သယ်ရင်း။ ကိုယ့်ကျန်းမာရေးလည်း သေချာဂရုစိုက်”တဲ့။ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း ပြောပြီး လက်ဖက်ရည်ထုပ်ဆွဲ အိမ်ပြန်လာခဲ့တယ်။

အိမ်ရောက်တော့မှ သူပြောသွားတဲ့ ဘဒို ဆိုတာ ဘာကိုပြောတာလဲ မေးကြည့်တော့ အစ်ကိုကြီးကို အင်္ဂလိပ်လို ဘရားသား၊ အဲဒီစာလုံးအတိုကောက်ကို ဘဒိုလို့ ခေါ်တာ။ အစ်ကိုလို့ ပြောတယ်ဆိုတာကို အိမ်ရောက်မှပဲ သဘောပေါက်တော့တယ်။

မြန်မာဘာသာ၊ မြန်မာစကားမှာ စကားလုံးအသုံးအနှုန်းနဲ့ သတ်ပုံသတ်ညွှန်းတွေက အရမ်းကို ကျစ်လျစ်ပြီး သတ်ပုံမှားလိုက်တာနဲ့ ဆိုလိုရင်း အဓိပ္ပာယ်တွေပါ ပြောင်းသွားတာမျိုးပါ။  ဟိုအရင်တုန်းကတော့ မြန်မာစကားလုံးမှာ ‘သမတ’လို့ သုံးခဲ့ပေမယ့် နောက်ပိုင်းမှာ ‘သမ္မတ’ လို့ ပြင်ဆင်ခဲ့တယ်။ ‘ဘိတ်စာ’ ဆိုတဲ့အရေးကနေ ‘ဖိတ်စာ’ စသဖြင့် ပြင်ဆင်လာခဲ့တယ်ပေါ့။ တချို့ ဂျာနယ်တွေမှာဆိုရင် ‘တစ်ဦး’လို့ သုံးရမယ့်အစား ‘တဦး’လို့ ပြောင်းသုံးလာတာကို သတိထား ဖတ်မိတယ်။ တစ်ခု၊ တစ်ကောင်၊ တစ်ယောက်၊ တစ်ဦး ဘယ်လိုအသုံးမျိုးကိုဖြစ်ဖြစ် “စ်”ကို ဖြုတ်ပြီး ကိုယ်ပိုင်ဂျာနယ်မူဝါဒအသုံးအဖြစ် ဖော်ပြလာတာကိုလည်း သတိထားခဲ့မိတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်က စကားလုံးတွေက အခုဆိုရင် အပြင်မှာပါ သုံးနှုန်းလာကြတာကို သတိထားမိခဲ့တယ်။ ပြင်ဆင်တာ၊ ပြောင်းလဲတာ ဘာမှမရှိပါဘဲ ဘာသာရပ်တစ်ခုလို၊ ဗန်းစကားတစ်ရပ်လိုမျိုး လူတွေနှုတ်ဖျားမှာ ဖောဖောသီသီ သုံးစွဲလာကြတယ်။ နံနက် ၈ နာရီဝန်းကျင်လောက်မှာ ရေဒီယိုကလာတဲ့ အစီအစဉ်တခုကို နားထောင်ဖြစ်တယ်။ မြို့ကနေ အလည်ပြန်ရောက်လာတဲ့ သူငယ်ချင်းက တောကသူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားဝိုင်းဖွဲ့ပြောကြတယ်။ သူက ဖေ့စ်ဘွတ်ခ်ပေါ်က အသုံးအနှုန်းတွေနဲ့ ပြောတာကို တောက သူငယ်ချင်းတွေက နားမလည်လို့ ရှင်းပြနေတဲ့ အစီအစဉ်တစ်ခုပေါ့။

နောက်တခုက တီဗွီကနေ အခန်းဆက်နဲ့လွှင့်နေတဲ့ မမထိပ်နဲ့ အမွေစံအိမ် ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း မမထိပ်က ရည်းစားငယ်ငယ်လေး ရထားတော့ သူ့ရည်းစားကို ခေးလို့ခေါ်ပြီး ဖုန်းပြောတယ်။ အဲဒီတော့ ဖေ့စ်ဘွတ်ခ်ပေါ်က အသုံးအနှုန်းတွေဟာ ပြင်ပ နယ်ပယ်အသီးသီးမှာ နေရာတစ်နေရာ ရနေပြီဆိုတာကိုပါ သဘောပေါက်လာခဲ့တယ်။

ကိုယ် လေ့လာမိသလောက် ဖေ့စ်ဘွတ်ခ် စကားအသုံးတွေကို စုစည်းကြည့်မိတယ်။

ခေး=ကလေး၊ ညေး=ညီလေး၊ ညလေး=ညီမလေး၊ စမီး=သမီး၊ သက်လား=သိလား၊ ကြီး=အကိုႀကီး၊ မြီး=အမႀကီး၊ ဘြီး=ဘုန်းကြီး၊ ဘဒို=အစ်ကိုကြီး (Brother ကို အတိုကောက်ခေါ်သည်)၊ မြီမြီ=ေမေမ၊ ဖီဖီ=ေဖေဖ၊ အိုင်းစ်=လေးစားတာ၊ အထင်ကြီးတာကို ပေါ်လွင်အောင်ပြတဲ့ အသုံး၊ ဟုဟု=ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ မွင်းခါး=မုန့်ဟင်းငါး။ အလင်းပြပါ=မသိသေးဘူး ပြောပြဦး၊ ရှင်းပြဦး။ အမ်းကုန်းမ=ခွင်ဆင်တဲ့သူ၊ ဇမ်း=အရမ်း၊ အဆင်လေး=ချစ်ခင်စရာကောင်းတဲ့သူ၊ အပုန်းမ=မသိမသာခြောက်နေတဲ့သူ၊ စင့်=ရှင့်၊ အာ့လာပြောတာ=အဲဒါကို လာပြောတာ၊ အစစ်မ=အခြောက်တွေက မိန်းမတွေကို ခေါ်တာ။ မုမု=သွားတော့၊ မွမွ=အာဘွားပေးတာ။ အတဲရေး=အသည်းလေး၊ သယ်ရင်း=သူငယ်ချင်း၊ လှထှာအေ=လှလိုက်တာအေ၊ ပြောပြိုက်=ပြောပစ်လိုက်၊ ခေါ်တော့ပု=ခေါ်တော့ဘူး၊ ကျန်း=ကြည့်စမ်း၊ ခ်ခ်=ခစ်ခစ်(ရယ်မောတာ)၊ ငင့်=မခံချိမခံသာဖြစ်တာ၊ ဝုန်း= ဆက်တိုက်လုပ်ဆောင်တာ၊ ၀ုန်းကနဲ၊ ဒိုင်းကနဲ၊ ဟုယား=ဟုတ်လား၊ ဟျောင့်=ဟေ့ကောင်၊ ဖျားဖျား=ဘုရား၊ ဘုရားအာစိ=အာစရိ၊ ဆရာသမား၊ အာ့မျိုးတွေ=အဲဒါမျိုးတွေ၊ Lဆိုင်းဇီ ဖြစ်တယ်=ဝေခွဲမရဖြစ်တယ်၊ ၈၈=ချစ်ချစ်၊ ၈၈၄=ချစ်ချစ်လေး၊ မူးထှာအေ=မျက်စိနောက်တယ်အေ၊ တောင်းပန်ပြဇီ=တောင်းပန်ပါရစေ၊ ပေါက်စီမ=ရင်သားအရမ်းကြီးတဲ့မိန်းမ၊ ပွတ်စပါး= ပွတ်သပ်သည်၊ အလန်းဇယား=သာမန်ထက် ပိုမိုပြင်ဆင်ထားသူ၊ စတိုင်လ်မိုက်နေသူ၊ ပလပ်ကျွတ်=ဒုက္ခရောက်၊ ဒေါင်းဇား=သူတောင်းစား၊ သူဖုန်းစား၊ ဆယ်လီ=ထင်ပေါ်တဲ့သူ၊ တွားလက်အူးမယ်နော်=သွားလိုက်ပါဦးမယ်နော်၊ တျောက်တည်း=တစ်ယောက်တည်း၊ စွန်း=အရမ်းမိုက်တယ်၊ ဆေးထိုးသည်=အချွန်နဲ့မသည်။ ခွီး=ဒေါသထွက်။

ငိုးမ၊ချက်ပွတ်၊ယီး၊စမူဆာ၊=မိန်းမ၊ ယောက်ျားအင်္ဂါနဲ့ နှိုင်းယှဉ်ဆဲဆိုသည်။ ခွက်ဒစ်= ဂုဏ်ပြုခြင်း၊ ဂွမ်း=အရှက်ကွဲ၊ ကမ=ကောင်မ၊ ကျေးကျေး=ကျေးဇူးတင်တယ်၊ ကျော်=ကျွန်တော်၊ ကျန်း=ကြည့်စမ်း၊ ကွကိုယ်=ကိုယ့်ဘာသာကိုယ်၊ ခင်မြဦးမ=လင်တရူးမ၊ ချစ်ချာလေး=ချစ်စရာလေး။ ၆၀=ကြောက်တယ်၊ ၈၀=ချစ်တယ်၊ ၈၈၃၄=ချစ်ချစ်တုံးလေး၊ ဟွာလေ=ဟိုဟာလေ၊ သားကြီး=ကိုယ်က ချစ်ခင်ရတဲ့သူ၊ သူငယ်=ယောက်ျားလေး ငယ်ငယ်ချောချောကို ခေါ်တာ၊ ဘွတူတွေ=ဘ၀တူတွေ၊ မနိုင်စိန်=ခြေကောလက်ကော မြှောက်ထားရတဲ့သူ၊ ပိတ်သတ်=ပရိတ်သတ်၊ ဗြဲ=အားရပါးရရယ်မောတာ၊ တိဘူး=မသိဘူး၊ ဆြာ=ဆရာ။

ဒီစကားလုံးတွေက ဖေ့စ်ဘွတ်ခ်မှာ အသုံးများတဲ့ စကားတွေပဲ။ ဒါတောင် ကိုယ်ဘာသာမပြန်တတ်တဲ့ အသုံးတွေ အများကြီး၊ ကိုယ်နားမလည်တဲ့စကားတွေ အများကြီး ကျန်နေသေးတယ်။

ဒီစကားလုံးအသုံးအနှုန်းတွေကို တယောက်နဲ့တယောက် အပျော်သဘောလောက်ပဲ သုံးကြတာ ကောင်းပါတယ်။ မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာစကားလုံး သုံးစွဲမှုထဲထိတော့ ထိုးဖောက်မလာဖို့ လိုပါလိမ့်မယ်။ အမှားတွေကို အသုံးများလာတဲ့အခါ အမှန်တရားလို့ အထင်မှားတတ်ကြသလို၊ ဒီစကားလုံးတွေကို အပျော်သုံးစွဲရာကနေ အတည်ယူလာကြမှာကိုလည်း စိုးရိမ်မိတယ်။ သတင်းစာ၊ ဂျာနယ်နဲ့ ရုပ်သံလိုင်း၊ လေလှိုင်း စတဲ့ တရားဝင် သတင်းတင်ဆက်နေတဲ့ မီဒီယာအဖွဲ့အစည်းတွေအနေနဲ့လည်း ဒီစကားလုံး အသုံးအနှုန်းတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။

မြန်မာစာ၊ မြန်မာစကားတွေကိုတော့ တန်ဖိုးထား ထိန်းသိမ်းကြဖို့နဲ့ အမှားတွေ ကြီးစိုးပြီး အမှန်တရား ဖြစ်မလာဖို့တော့ အားလုံးမှာ တာဝန်ရှိပါတယ်လို့ ရေးသားတင်ပြလိုက်ရပါတယ်

သင်းသင်းသော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013