DVB Logo
Home
မြန်မာသတင်း
ထိုင်းဘတ်ငွေ ၇ သန်းတန် လက်ဝတ်ရတနာများ ပျောက်ဆုံး၍ မြန်မာအိမ်ဖော်ကို အပူတပြင်းရှာဖွေ
DVB
·
December 14, 2016
ထိုင်းဘတ်ငွေ ၇ သန်းတန် လက်ဝတ်ရတနာများ ပျောက်ဆုံး၍ မြန်မာအိမ်ဖော်ကို အပူတပြင်းရှာဖွေ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ထွန်းပူးရီးခရိုင် ဘွတ်ခလိုမြို့နယ်ရှိ ထိုင်းအိမ်တအိမ်မှာ စုစုပေါင်း ဘတ်ငွေ ၇ သန်းတန်ဖိုးရှိ စိန်ရွှေရတနာ လက်ဝတ်လက်စားနဲ့ ငွေတွေ ပျောက်ဆုံးသွားတဲ့အတွက် အဲဒီအိမ်မှာ အလုပ်လုပ်သွားတဲ့ မြန်မာအိမ်ဖော်အမျိုးသမီးကို ထိုင်းရဲက အပူတပြင်း ရှာဖွေနေပါတယ်။

အသက် ၃ဝ အရွယ်ရှိ မြန်မာအမျိုးသမီးဟာ သူတို့အိမ်မှာ အိမ်ဖော်လုပ်ဖို့ ပွဲစားကနေတဆင့် ဒီဇင်ဘာ ၁ဝ ရက်က ရောက်ရှိလာကာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အပြင်ထွက်ခွင့်တောင်းပြီး ပြန်မလာတော့ကြောင်း၊ မသင်္ကာလို့ ဗီရိုထဲက လက်ဝတ်လက်စားထားတဲ့ အံဆွဲကို ဖွင့်ကြည့်ရာမှာ ပစ္စည်းတွေ ပျောက်ဆုံးနေတဲ့အတွက် သူ့ကို သံသယအရှိဆုံးဖြစ်ပြီး လူမှုကွန်ရက်ကနေ ကြေညာခဲ့သလို ဘွတ်ခလိုနယ်မြေရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်လို့ အိမ်ရှင် နိုင်းထနဖတ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အိမ်ဖော်လိုနေတော့ သူက ပွဲစားကနေတဆင့် ရောက်လာတယ်။ တလကို ဘတ် ၁ဝဝဝဝ ပေးဖို့ သဘောတူထားတယ်။ ပုံမှန်အလုပ်လုပ်နေတာပါပဲ။ ၁၂ ရက်နေ့တုန်းကတော့ သူက သူ့အမျိုးသား ကားတိုက်ခံရလို့ဆိုပြီး ကျနော့်အဖေနဲ့ အမေဆီ ခွင့်တောင်းတယ်။ သူထွက်သွားတုန်းက ပလတ်စတစ်လက်ဆွဲအိတ် ၂ လုံးနဲ့တဲ့။ ညနေ ကျနော်အလုပ်ကပြန်လာတော့ ဗီရိုသော့ ပျောက်နေတယ်။ အဲဒါ သော့တူနဲ့ဖွင့်တော့ အံဆွဲထဲထည့်ထားတဲ့ လက်ဝတ်လက်စားနဲ့ ပိုက်ဆံတွေ မရှိတော့ဘူး။ ဒီ ၂ ရက်အတွင်း အိမ်ကို ဘယ်သူမှလာဘူး၊ သူပဲရှိတယ်။ ကျနော်ကလည်း သော့တွဲကို ကိုယ်နဲ့မကွာ မထားမိဘူး။ သူ့ကို ဖုံးဆက်လို့လည်း မရဘူး၊ သူလည်း ပြန်မလာတော့ဘူး။ ကျနော်တို့ အရင်ကလည်း မြန်မာအိမ်ဖော်တွေ ငှါးဖူးပါတယ်၊ တခါမှ ပစ္စည်းမပျောက်ဖူးဘူး။ ကျနော်တို့တော့ ပစ္စည်းဘဲ ပြန်လိုချင်ပါတယ်၊ ပစ္စည်းပြန်ရရင် သူ့ကို အရေးမယူပါဘူး။”

ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေမှာ စိန်လက်စွပ် ၂ ကွင်း၊ စိန်စီဆွဲကြိုး ၂ ကုံး၊ ဆင်းတုတော်လော့ကက်ပါ ရွှေဆွဲကြိုး ၁ ကုံး၊ ယူရိုငွေနဲ့ ထိုင်းဘတ်ငွေတွေအပါအ၀င် စုစုပေါင်း ကာလတန်ဖိုး ဘတ် ၇ သန်းရှိတယ်လို့ သူက ပြောပါတယ်။

နိုင်းထနဖတ်တို့အိမ်မှာ မိသားစု ၅ ဦး နေထိုင်ပြီး ဆေးဝါးပစ္စည်းတွေကို နိုင်ငံခြားကနေ မှာယူတင်သွင်းတဲ့လုပ်ငန်း လုပ်ကိုင်တယ်လို့ ဆိုပါတယ်။

နိုင်းထနဖတ်က ပစ္စည်းခိုးခံရတဲ့အကြောင်းနဲ့ ပျောက်ဆုံးနေတဲ့ မြန်မာအိမ်ဖော်ကို တွေ့ရှိပါက သူ့ဖုံးနံပါတ် ၀၈၆-၄၁၄-၅၄၅၆ ကို အကြောင်းကြားဖို့၊ ပျောက်ဆုံးနေတဲ့ပစ္စည်းတွေ ပြန်ရရင် ဘတ်ငွေ ၁ သိန်း ဆုချမယ့်အကြောင်း သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013